(င)-စပါး(၁)တင်းကို အနိမ့်ဆုံးဈေး (၅၀၀၀) ကျပ်နှုန်းအစား စားသုံးသူ ပြည်သူလူထုတစ်ရပ်လုံးလည်း မနစ်နာစေဘဲ ထုတ်လုပ်သူတောင်သူလယ်သမားများပါ တွက်ခြေကိုက်သော စပါးဈေးနှုန်းတစ်ရပ် ဖြစ်ပေါ်ရေးစီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ညွှန်ကြားမှုနှင့် ၂၀၁၈ ခုနှစ် မိုးစပါးနှင့်နွေစပါးပေါ်ချိန်များတွင် ရောင်းရန်/ ဝယ်ရန် အခြေခံစပါးဈေးနှုန်းကို မြန်မာနိုင်ငံဆန်းစပါးအသင်းချုပ်က ၆-၃-၂၀၁၈ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံဆန်းစပါး အသင်းချုပ်၏ အသင်းဝင် ဆန်စက်များ၊ ဆန်စပါးကုန်သည်များ၊ အကျိုးဆောင်များနှင့် ပုဂ္ဂလိကကုမ္ပဏီများမှာ သတ်မှတ် အရည်အသွေး၊ စံချိန်စံညွှန်းကိုက်ညီသည့် ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ ကို ကျပ်ငါးသိန်းဈေးကို အခြေခံထားပြီး ဝယ်ယူရန် ထုတ်ပြန်ကြေညာခဲ့ပါကြောင်း၊ ဈေးကွက်ပေါက်ဈေးသည် အခြေခံ ဈေးနှုန်းထက် ကျော်နေပါက ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူရန်ဖြစ်ပြီး နိမ့်နေလျှင် ငါးသိန်း အထိမြှင့်ပေးဝယ်ရန် ဖြစ်ပါကြောင်း၊ အခြေခံဈေးနှုန်း သတ်မှတ်ပေးခြင်းကိုလည်း တောင်သူလယ်သမားများ၏ ထုတ်လုပ်မှုကုန်ကျစရိတ်၊ အကျိုးအမြတ်၊ ပြည်တွင်း ဈေးကွက်ဈေးနှုန်း၊ နိုင်ငံတကာဈေးနှုန်းစသည့် အခြေအနေများအပေါ်တွင် မျက်ခြေမပြတ် လေ့လာသုံးသပ်ပြီး သက်ဆိုင်ရာ မိုးရာသီတိုင်းအတွက် ဖြစ်သင့်သည့် အခြေခံဈေးနှုန်းကို ရာသီအလိုက် ပေးသွားမည်ဟု ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားပါကြောင်း၊ ယခုနှစ် စပါးပေါ်ရာသီတွင်လည်း ယခင်နှစ်အတိုင်း အခြေခံဈေးနှုန်းကို စပါးတင်း ၁၀၀ ကို ကျပ် ငါးသိန်းနှုန်း ၄၆ ပေါင်ခန့်နှင့် ဝယ်ယူရန် ကြေညာချက်ထုတ်ပြန် ဝယ်ယူနိုင်သည်ဟု သိရပါကြောင်း၊
တောင်သူလယ်သမားများ စိုက်ပျိုးထုတ်လုပ်ရာတွင် အသုံးပြုသောစက်သုံးဆီ၊ ဓာတ်မြေသြဇာနှင့် လုပ်သားစရိတ်များမှာ ယခင်နှစ်အတိုင်း မဟုတ်ဘဲ သိသိသာသာ တိုးမြှင့်လာသည့်အတွက် တစ်ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်များမှာ ယခင်နှစ်ကထက် များစွာကြီးမြင့် လာခဲ့ပါကြောင်း၊ ထွန်ယက်ခြင်းမှ စိုက်ပျိုးရိတ်သိမ်းပြီးသည့်အထိ ကုန်ကျစရိတ်မှာ ၂၉၁၅၀၀ ကျပ် ဖြစ်ပါကြောင်း၊ ယင်းမှာ ကျဲခင်းတစ်ဧက ကုန်ကျစရိတ်ပင် ဖြစ်ပါကြောင်း၊ စိုက်ခင်းဆိုပါက ပျိုးနုတ်ခ၊ ကောက်စိုက်ခ ထပ်ဖြည့်ပေါင်းရမည် ဖြစ်ပါကြောင်း၊ မိုးစပါးဆိုလျှင် ရေသွင်းခကို ပြန်နုတ်ရမည် ဖြစ်ကြောင်း၊ ဒေသအလိုက် စရိတ်အနည်းငယ် ကွာခြားနိုင်ပြီး ပျမ်းမျှတွက်ရလျှင် တစ်ဧကစိုက်ပျိုးထုတ်လုပ်မှု စရိတ်မှာ နှစ်သိန်းမှသုံးသိန်းအထိ ဖြစ်ပါကြောင်း၊
လယ်သမားများရောင်းချရသည့် အခြေအနေကို လေ့လာကြည့်သောအခါ တင်း ၁၀၀ ၏ အနိမ့်ဆုံးဈေးမှာ အချို့ဒေသများ၌ ၄၈၀၀၀၀ မှ ၅၀၀၀၀၊ နည်းနည်းစပါးပိုကောင်းလျှင် ၅၁၀၀၀၀၊ ၅၂၀၀၀၀ ရရှိသည်ဟု သိရပါကြောင်း၊ ဖော်ပြပါသတ်မှတ်ဈေး တင်း ၁၀၀ ကို ကျပ်ငါးသိန်းနှင့် ရောင်းရလျှင် တောင်သူလယ်သမားများမှာ အရင်းကြေရန်အတွက် တင်း ၅၀၊ ၆၀ ထွက်ရန် လိုအပ်ပါကြောင်း၊ စပါးဈေးတစ်ဧက အထွက်နှုန်းတွင် တင်း ၁၀၀ ပတ်ဝန်းကျင်၊ နွေစပါးတစ်ဧက အထွက်နှုန်းမှာ တင်း ၁၀၀ ပတ်ဝန်းကျင် ရှိနိုင်သော်လည်း လုပ်ကွက်ငယ် တောင်သူလယ်သမား အများစု၏ မိုးစပါးထွက်နှုန်းက တစ်ဧကကို တင်း ၅၀၊ ၆၀ ထွက်ရန် အလွန်ကောင်းမှ ရေတော်မိုးတော် ဖြစ်မှရပါကြောင်း၊ ယခုစပါး ပေါက်ဈေးနှင့်ဆိုလျှင် တောင်သူလယ်သမား များသည် နလန်မထူနိုင်ဘဲ အကြွေးသံသရာလည် နေအုံးမည်ပင် ဖြစ်ပါကြောင်း၊
နိုင်ငံံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်ရှိသော ကျေးလက်နေပြည်သူများ၊ တောင်သူလယ်သမားများ အဆင်ပြေမှ စီးပွားတိုးတက်မှ တိုင်းပြည်စီးပွားတိုးတက်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် စပါးဈေးနှုန်းသည် သင့်တင့်သောဈေးနှုန်းဖြစ်နေရန် ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် သင့်တင့်သော အကျိုးအမြတ်နှင့် ပြည်တွင်းဈေးကွက်တွင် စားသုံးသူပြည်သူများလည်း ဝန်မဖြစ်သည့် ဈေးနှုန်းတစ်ရပ်ကို ပြန်လည်တွက်ချက် သတ်မှတ်သင့်ပါကြောင်း၊ ထို့ကြောင့် စပါး (၁) တင်းကို အနိမ့်ဆုံးဈေး (၅၀၀၀) ကျပ်နှုန်းအစား စားသုံးသူပြည်သူလူထု တစ်ရပ်လုံးလည်း မနစ်နာစေဘဲ ထုတ်လုပ်သူ တောင်သူလယ်သမားများပါ တွက်ခြေကိုက်သော စပါးဈေးနှုန်းတစ်ရပ် ဖြစ်ပေါ်ရေး စီစဉ်ဆောင်ရွက် ပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။