(စ)-ကြို့ကုန်းစိုက်ပျိုးရေးသုတေသနဗိမာန် တည်ဆောက်ရန် စိုက်ပျိုးရေးဌာနကသိမ်းယူခဲ့သောမြေများမှ ပြန်လည်စွန့်လွှတ်သော မြေပိုင်ရှင်(၉၂)ဦးစာရင်းကို ဆက်လက်ဆောင်ရွက်ခြင်းမရှိသဖြင့် ပေးအပ်ပြီးနှင့်ပေးအပ်မည့်အစီအစဉ်အား သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ကြို့ကုန်းစိုက်ပျိုးရေးသုတေသနဗိမာန်တည်ဆောက်ရန် စိုက်ပျိုးရေးဌာနက သိမ်းယူခဲ့သောမြေများ အနက် မရမ်းကုန်းမြို့နယ်အတွင်းမှ အသုံးမလိုတော့သဖြင့် ပြန်လည်စွန့်လွှတ်သော မြေပိုင်ရှင်(၉၂)ဦး ၏စာရင်းကို မြို့နယ်အုပ်ချုပ်ရေးမှူးထံ ပေးပို့ခဲ့သော်လည်း ဆက်လက်ဆောင်ရွက်ခြင်းမရှိသဖြင့် ပိုင်ရှင်အများစုမှာ ပြန်လည်မရရှိသေးပါ၍ ပိုင်ရှင်မည်မျှကို ပြန်လည်ပေးအပ်ပြီးဖြစ်ပါသနည်း၊ ကျန်ရှိသောပိုင်ရှင်များကို ပြန်လည်ပေးအပ်မည့်အစီအစဉ်အား သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
၂၀၁၈ ခုနှစ် ဒီဇင်ဘာလက မေးခဲ့ပြီး ယခုချိန်ထိလေးလကြာမြင့်ခဲ့ပါကြောင်း၊ ကြို့ကုန်းစိုက်ပျိုးရေး သုတေသန ဗိမာန်တည်ဆောက်ရန် စိုက်ပျိုးရေးဌာနက သိမ်းသည့်မြေများ ရှိခဲ့ပါကြောင်း၊ သိမ်းယူသည့်မြေမှာ သိမ်းသူတစ်ယောက်ချင်းစီကို နှစ်ကြိမ်တိတိ စာပို့ပြီးသိမ်းယူခဲ့ပါကြောင်း၊ ၂၀၀၇ ခုနှစ် ရောက်သည့်အခါ အဆိုပါမြေများထဲက အသုံးမလိုသည့် မြေများရှိခြင်း၊ ထိုမြေများကို နိုင်ငံသားများ နာမည်နှင့်တကွ၊ မြေပုံနှင့်တကွ မရမ်းကုန်းမြို့နယ်ထဲတွင် ပြန်လည်စွန့်လွှတ်သည့် မြေများကို ဆက်လက်ဆောင်ရွက်ပါဆိုပြီးမှ မြို့နယ်အုပ်ချုပ် ရေးမှူးဆီကို စိုက်ပျိုးရေးဌာနက စာပို့ခဲ့ပါကြောင်း၊ အားလုံးပေါင်း ၉၂ ယောက်ရှိပြီး စုစုပေါင်းသိမ်းထားသည့်ဧက ၁၅၀၀ ကျော်တွင် ဧက ၅၂ ဧကကို ပြန်လည်စွန့်လွှတ်ခြင်း ဖြစ်ပါကြောင်း၊ သို့သော် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးက ဆက်မလုပ်သည့်အတွက် အဆိုပါမြေများကိုပိုင်ရှင်များက စွန့်လွှတ်ကြောင်းကို မသိရှိခဲ့ပါ။ သက်ဆိုင်ရာ စိုက်ပျိုးရေးဌာနကလည်း အုပ်ချုပ်ရေးမှူးဆီကို ပို့ထားသည့်စာကို မည်ကဲ့သို့ အရေးယူ ဆောင်ရွက်ထားသနည်းဟု မေးမြန်းခြင်းမရှိခဲ့ပါကြောင်း၊ သိမ်းဆည်းသည့်အချိန်က ကိုယ်ထိလက်ရောက် စာနှင့်ပေနှင့်သိမ်းခဲ့ပြီး ပြန်လည်စွန့်လွှတ်သည့်အခါ မည်သည့်အတွက်ကြောင့် စာနှင့်ပေနှင့် တစ်ဦးချင်းစီအား အကြောင်းမကြားခြင်းကို စဉ်းစားသင့်ပါကြောင်း၊
၎င်းမြေများနှင့် ပတ်သက်၍ နိုင်ငံတော်ကထုတ်ပြန်ထားသည့် ကြေညာချက် ဖြစ်ပါကြောင်း၊ နံပါတ် (၂) တွင် စွန့်လွှတ်မြေများ နှောင့်နှေးကြန့်ကြာမှု မရှိဘဲ မူလပိုင်ရှင်များထံ အမြန်ဆုံးအပ်နှံပေးရန် ယခု ၂၀၀၇ ခုနှစ်က သိမ်းသည့်မြေသည် ယခု ၂၀၁၉ အထိ ၁၂ နှစ် ကြာမြင့်ခဲ့ပြီဖြစ်ပါကြောင်း၊ အဆိုပါ မြေများတွင် အစိုးရကလည်း ၎င်းမြေကို စွန့်လွှတ်ပြီးပြီဆိုပြီး ပစ်ထားခြင်း၊ ပိုင်ရှင်ကလည်း မသိသည့်အတွက် ကျူးကျော်များ ဝင်ရောက်နေကြောင်း ရှိကောင်းရှိပါမည်။ နံပါတ် (၅) တွင် စွန့်လွှတ်မြေများအပေါ် ကျူးကျော်များ ဝင်ရောက်နေမှုကို ဝန်ကြီးဌာနများက လုပ်ထုံးလုပ်နည်း များနှင့်အညီ ရှင်းလင်းပေးရန်လည်း နိုင်ငံတော်သမ္မတရုံးက ကြေညာထားပြီးဖြစ်ပါကြောင်း၊
ထို့ကြောင့် အဆိုပါ စွန့်လွှတ်ထားသည့်မြေများ၊ ပိုင်ရှင်များအနက် မည်မျှလာရောက် ထုတ်ယူပေးခဲ့သနည်း။ ကျန်ရှိသည့် ပိုင်ရှင်များသိရှိအောင် မည်ကဲ့သို့ အမြန်ဆုံးကြေညာ ဆောင်ရွက်မည်နည်း၊ နောက်တစ်ခါ ပိုင်ရှင်များစစ်မှန်လျှင်လည်း အမြန်ဆုံးထုတ်ပေးရန်အတွက် ဝန်ကြီးဌာနက မည်ကဲ့သို့ကူညီမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။