(ဆ)-သဘာဝဘေးကြောင့်ပျက်စီးခဲ့သော စိုက်ပျိုးရေးလုပ်ငန်းများအပေါ် ပြန်လည်အစားထိုး စိုက်ပျိုးနိုင်ရန် ပြည်ထောင်စုဘဏ္ဍာငွေမှ အရေးပေါ်ရန်ပုံငွေသုံးစွဲခြင်းအား ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-29

 

သဘာဝဘေးကြောင့် ပျက်စီးခဲ့သော စိုက်ပျိုးရေးလုပ်ငန်းများအပေါ် ပြန်လည် အစားထိုးစိုက်ပျိုးနိုင်ရန် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ အရေးပေါ်ရန်ပုံငွေသုံးစွဲခြင်းအား အမြန်ဆုံးဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် ပျက်စီးဆုံးရှုံးခဲ့သော စရိတ်ကာမိစေရန် ထောက်ပံ့ပေးနိုင်ခြင်းရှိ/မရှိသိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

 

၂၀၀၄ ခုနှစ်၊ ၂၀၁၂ ခုနှစ်၊ ၂၀၁၅ ခုနှစ်၊ ၂၀၁၆ ခုနှစ်၊ ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ်များအထိ ရေကြီးမှုများ ဆက်တိုက်ဖြစ်ပေါ်လာခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ် ဇွန်လတွင် တိုင်းဒေသကြီးသုံးခုနှင့် ပြည်နယ်နှစ်ခုတွင်လည်းကောင်း၊ ဇူလိုင်လနှင့်သြဂုတ်လများမှာ သဘာဝဘေးအန္တရာယ် ကျရောက်မှုများနှင့် နောက်ဆက်တွဲ ရေဘေးအန္တရာယ်များကြောင့် အိမ်ထောင်စုပေါင်း သုံးသိန်းကျော်၊ လူဦးရေ ၁၄ သိန်းခန့် ဒုက္ခရောက်ခဲ့ကြပြီး သဘာဝဘေးဒဏ်ကြောင့် သီးနှံများ ရေကြီးနစ်မြုပ်မှု၊ ထိခိုက်ပျက်စီးမှုသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သီးနှံစုစုပေါင်းဧက ၁၃၀၀၀၀၀ ခန့်ထိ ခိုက်ပျက်စီးခဲ့ရပါကြောင်း၊  ၂၀၁၆ ခုနှစ် ဧပြီလတွင် မိုးသီးကြွေကျခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းတို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ ဒေသခံတောင်သူများ၏ စုစုပေါင်း သီးနှံပျက်စီးဧကသည် ၂၄၂၉၃ ဧက ဖြစ်ပြီး ၁၀..၂၀၁၆ ရက်နေ့မှစ၍ ဧရာဝတီမြစ် ရေကြီးမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်နှင့် ထီးချိုင့်မြို့နယ်တို့တွင် စုစုပေါင်းသီးနှံ ၁၁၉၆၅ ဧက ပျက်စီးခဲ့ပါကြောင်း၊ အဆိုပါ ပျက်စီးဧကများကို ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေမှ သီးသန့်ရန်ပုံငွေသုံးစွဲ၍ ပြည်ထောင်စုအစိုးရမှ ကျပ်သန်းပေါင်း ၁၃၈၃.၀၀၆ သန်းကို ထောက်ပံ့ ကူညီနိုင်ခဲ့ပါကြောင်း၊  ၂၀၁၆ ခုနှစ် သြဂုတ်လအတွင်း မြစ်ရေကြီးမှုကြောင့်  လယ်ယာမြေ မြောက်မြားစွာ ပျက်စီးဆုံးရှုံးခဲ့ရပြီး အိုးအိမ်များ၊ လမ်းများ၊ တံတားများလည်း ပျက်စီးခဲ့ရပြီး ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေမှ သီးသန့်ရန်ပုံငွေအဖြစ် ကျပ်သန်းပေါင်း ၁၁.၃၃ ဘီလီယံ ကျော်ကိုလည်း သုံးစွဲရန်နှင့် ဒုတိယသီးနှံအစားထိုး စိုက်ပျိုးနိုင်ရေးအတွက် ထောက်ပံ့မှုနှင့်သီးနှံ အလိုက် ထောက်ပံ့ကြေးကျပ်သန်းပေါင်း ၄၇၄၉.၃၈ သန်းကို တောင်သူများ ပျက်စီးတစ်ဧက ကျပ် ၁၀၀၀၀ နှုန်း ထောက်ပံ့ခဲ့ပြီး ဖြစ်ပါကြောင်း၊  ၎င်းပမာဏသည် နိုင်ငံတော်မှဘဏ္ဍာငွေ မြောက်မြားစွာ ထောက်ပံ့ခဲ့သဖြင့် တောင်သူများအနေဖြင့်လည်း ထောက်ပံ့ငွေမက ၁၀ ဆခန့် ဆုံးရှုံးခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၁၇ ခုနှစ် မိုးရာသီကာလအတွင်း နေပြည်တော် ကောင်စီနယ်မြေ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်ခြင်း၊ ပိုးမွှားကျခြင်း၊ ကြွက်ဖျက်ဆီးခြင်း၊ တောင်ပြိုခြင်း၊ ရေစားကမ်းပြိုခြင်းနှင့် ရွှေခရုကျခြင်းတို့ကြောင့် ၃၁-၁၂-၂၀၁၇ ရက်နေ့အထိ သီးနှံများ ၃၂၁၇၈၃ ဧက ပျက်စီးခြင်းအတွက် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေအရ သီးနှံပြန်လည်အစားထိုး စိုက်ပျိုးခြင်းအပေါ်ကို ကျပ်သန်းပေါင်း ၄၃၄၉.၁၃၅ ကို --၂၀၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၄/၂၀၁၈)ဖြင့် ခွင့်ပြုခဲ့ပြီး ပြည်ထောင်စုလွှတ်တော် နဝမပုံမှန် အစည်းအဝေး (၂၂) ရက် မြောက်နေ့ (၁၄--၂၀၁၈) ရက်နေ့ လွှတ်တော်တွင် မှတ်တမ်းတင် ခဲ့ပါကြောင်း၊  ၂၀၁၈ ခုနှစ်တွင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် မိုးသည်းထန်စွာရွာသွန်းပြီး စိုက်ပျိုးသီးနှံများ ပျက်စီးသွားခဲ့ပါကြောင်း၊  ဆွာဆည်၏ ရေပိုလွှဲတာကျိုးမှုကြောင့်လည်း စိုက်ပျိုးသီးနှံများ ပျက်စီးခဲ့ပါကြောင်း၊ သဘာဝဘေးကြောင့် သီးနှံများပျက်စီးထိခိုက်မှုသည် နှစ်စဉ်လိုလိုဖြစ်လာသည့်အတွက် တောင်သူ လယ်သမားများအနေဖြင့် အခက်အခဲများစွာနဲ့ ရင်ဆိုင်ရပြီး  နိုင်ငံတော်မှာလည်း နှစ်စဉ်လိုလို နိုင်ငံတော်သီးသန့် ရန်ပုံငွေထဲမှ ထောက်ပံ့ပေးခဲ့သော်လည်း ချက်ချင်းလက်ငင်း မပေးနိုင်သဖြင့် ပျက်စီးဆုံးရှုံးမှု ကာမိအောင်လည်း ထောက်ပံ့ပေးနိုင်ခြင်း မရှိပါကြောင်း၊ တောင်သူလယ်သမားများ အနေဖြင့်လည်း ငွေကြေးအခက်အခဲကြောင့် ပြန်လည်မစိုက်ပျိုးနိုင်သကဲ့သို့ ပျက်စီးဆုံးရှုံးမှု ကာမိအောင် ထောက်ပံ့မှုမရသည့် အတွက်ကြောင့် အခက်အခဲပေါင်းများစွာနှင့် ရင်ဆိုင်နေရ ပါကြောင်း၊  သီးသန့်ရန်ပုံငွေမှ ထောက်ပံ့ကြေးပေးမှုကို ကြည့်မည်ဆိုပါက ၂၀၁၇ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလခန့်က သီးနှံပျက်စီးမှုကို ..၂၀၁၈ ရက်နေ့တွင် ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးက ထောက်ပံ့ခွင့်ပြုခဲ့ပါကြောင်း၊  တစ်နှစ်ကျော် ကြာခဲ့ပါကြောင်း၊  တောင်သူလယ်သမား လက်ဝယ်ရောက်ရန် အချိန်ယူရပါကြောင်း၊ ဧက ၃၂၁၇၈၃ ပျက်စီးပြီး ကျပ်သန်းပေါင်း ၄၃၄၉.၁၃၅ထောက်ပံ့ခဲ့သည့်အတွက် တစ်ဧကကို ၁၀၀၀၀ ကျပ် ခန့်သာ ရရှိမည့်အနေအထားကို တွေ့ရှိရပါကြောင်း၊ သဘာဝဘေးကြောင့် ပျက်စီးခဲ့သော စိုက်ပျိုးရေးလုပ်ငန်းများအပေါ် ပြန်လည်အစားထိုး စိုက်ပျိုးနိုင်ရန် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေမှ အရေးပေါ်ရန်ပုံငွေ သုံးစွဲခြင်းအား အမြန်ဆုံးဆောင်ရွက် ပေးနိုင်ခြင်းရှိ/မရှိနှင့် ပျက်စီးဆုံးရှုံးခဲ့သော စရိတ်ကာမိစေရန် ထောက်ပံ့ပေးနိုင်ခြင်းရှိ/မရှိကို သိလိုပါကြောင်း မေးမြန်းပါသည်။