(ခ)-သံဖြူဇရပ်မြို့မှ (၅)မိုင် (၅)ဖာလုံ အကွာအဝေးတွင်ရှိသော မွန်တိုင်းရင်းသားတို့၏ ကျုံကရုတ် ကျေးရွာသို့ (၁၂)ပေအကျယ် ကတ္တရာလမ်းဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း
အကျဉ်းချုပ်အနေဖြင့် (၁) ကျေးလက်ဒေသတစ်ပြေးညီဖွံ့ဖြိုးရေး မူဝါဒနှင့်အညီဖြစ်ခြင်း၊ (၂) တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးအတွက် အထောက်အပံ့ဖြစ်ခြင်း၊ (၃) မဲဆန္ဒရှင် မွန်တိုင်းရင်းသားတို့၏ မျှော်လင့်ချက်ဆန္ဒအသံဖြစ်ခြင်း၊ (၄) ၂ မိုင် ၅ ဖာလုံခန့်သာကွာဝေးပြီး လက်လှမ်းမီ ကျန်းမာရေးဝန်ဆောင်မှုကို အပြည့်အဝဖော်ဆောင်ပေးနိုင်ခြင်းဆိုသည့် အချက်များကြောင့် ဖြစ်ပါကြောင်း၊
သံဖြူဇရပ်မြို့နယ်တွင် ကျေးရွာအုပ်စု ၂၅ စု ရှိပြီး ရပ်ကွက်က ၁၆ ခု ရှိပါကြောင်း၊ ကျေးရွာအုပ်စု ၂၅ စုတွင် ၂၂ စုက ကတ္တရာလမ်းများနှင့် ဆက်သွယ်ပြီး ဖြစ်ပါကြောင်း၊ ကျန်ရှိသည့် သုံးရွာတွင် တောင်ဖလု၊ ကဒါတ်ထောက်နှင့် ကျုံကရုတ်ကျေးရွာ သုံးရွာဖြစ်ပါကြောင်း၊ ၎င်းမှာမှ ကဒါတ်ထောက်နှင့် တောင်ဖလုသည် ပြည်နယ်ရန်ပုံငွေဖြင့် လျာထားဘတ်ဂျက်တွင် ပါဝင်ထားပြီး ဖြစ်သည့်အတွက်ကြောင့် အဆိုပါကျေးရွာများ အားလုံးထဲတွင် ကျုံကရုတ်ဆိုသည့် ကျေးရွာလေးတစ်ရွာသာလျှင် ကတ္တရာလမ်းမရှိသည့် အခြေအနေမျိုးရှိပါကြောင်း၊ မြို့နယ်ဖွံ့ဖြိုးရန် အတွက်လည်း အင်မတန်မှ အားကောင်းနေသော အခြေအနေဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျုံကရုတ်ရွာ ၂ မိုင် ၅ ဖာလုံအကွာနှင့် ဆင်တောင်၊ ကဒါတ်ထောက်ရွာ ၃ မိုင် ၆ ဖာလုံ နှစ်ရွာသာ လက်ရှိကျန်ပါကြောင်း၊ ၎င်း ကဒါတ်ထောက်က ယခုလာမည့် ၂၀၁၉-၂၀ လျာထားဘတ်ဂျက်တွင် ပါသွားပြီ ဖြစ်သည့်အတွက်ကြောင့် ကျုံကရုတ်တစ်ခုသာ ကျန်နေခြင်းဖြစ်ပါကြောင်း၊ ကျုံကရုတ်ရွာသည် လယ်စိုက်ဧက ၇၇၄ ဧက၊ ရာဘာစိုက်ဧက ၁၄၀၅ ဧက ရှိပြီး လူဦးရေ ၁၇၀၀ ခန့် နေထိုင်သည့် ဗုဒ္ဓဘာသာမွန်တိုင်းရင်းသားတို့၏ ရွာဖြစ်ပါကြောင်း၊ တစ်ပြေးညီဖွံ့ဖြိုးရေးမူအရ လမ်းဖောက်လုပ် ပေးသင့်သောရွာဖြစ်၍ ပြည်သူ့လွှတ်တော် ညွှန်ကြားရေးမှူး ချုပ်ရုံးမှတစ်ဆင့် ၁၂-၇-၂၀၁၇ ရက်နေ့တွင် မေးခွန်းမေးမြန်းခဲ့ပါကြောင်း၊ လမ်းအကျယ် ၁၀ ပေခန့်သာရှိခြင်းနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ကျေးလက်ဦးစီးဌာနအောက်တွင် မရှိခြင်းကြောင့် ဖောက်လုပ်ပေးလို သော်ငြားလည်း ဖောက်မပေးနိုင်ခဲ့ကြောင်း အဖြေရခဲ့ပါသည်။ မိမိ၏လိပ်စာမူ မေးမြန်းမှု မှားယွင်းမှုလည်း၊ လွဲချော်မှုလည်း ဖြစ်ပါကြောင်း၊ သို့သော်လည်း လွှတ်တော်အစည်းအဝေးနားသည့် ကာလတွင် ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး ပေကြိုးဖြင့် တိုင်းကြည့်သည့်အခါ လမ်းမြေသားက ၁၀ ပေ ရှိသည်မှာမှန်သော်လည်း လမ်းဧရိယာ အမှန်တကယ်က ၁၈ ပေအထက် ပေ ၂၀ ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ဘေးနှစ်ဘက်မြောင်းကြီးများက ရေစားပြီးတအားကျယ်ပြီး ငါးပေစီဖြစ်သွားခြင်း ဖြစ်သည့်အတွက်ကြောင့် အလယ်တွင် မြေသားဘောင်ကိုတိုင်းပြီး တင်ပြခဲ့ကြောင်းကို လေ့လာတွေ့ရှိ ရပါသည်။ ကျေးရွာသူ/သားများက လယ်သမား၊ ခြံသမားအမျိုးမျိုးသော ဘာသာတရား ကိုင်းရှိုင်းကြသည့် သူများဖြစ်သည့် အတွက်ကြောင့် ရွာအထိဆင်းပြီး ကျေးရွာကျောင်းထိုင် ဆရာတော်ဘုရားနှင့် အတူတကွ သွားရောက်ညှိနှိုင်းပါကြောင်း၊ နောက်တစ်ခုက မိမိတို့မြို့နယ် ဦးစီးဌာနဖြစ်သည့် နတလ ဦးစီးဌာနမှူးနှင့် ကျေးလက်လမ်းတံတား ဦးစီးဌာနချင်းလည်း ၎င်းတို့၏ အခြေအနေနှင့် ညှိနှိုင်းတိုင်ပင် ဆောင်ရွက်နေကြခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် အစောပိုင်းက တင်ပြခဲ့သည့်အတိုင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက်ကို တစ်ပြေးညီဖွံ့ဖြိုးမှုအတွက် အဓိကကျနေခြင်း ဖြစ်သည့်အတွက်ကြောင့် ကျန်ရှိခဲ့သည့် ကျုံကရုတ်ကျေးရွာလေးတစ်ရွာ မွန်တိုင်းရင်းသားတို့ရွာကို ၂ မိုင် ၅ ဖာလုံအကွာအဝေးကို ပြည်ထောင်စုဘတ်ဂျက်ဖြင့် ဖောက်လုပ် ပေးရန်အတွက်ကို ကျေးရွာသူ/သားများကိုယ်စား သက်ဆိုင်ရာသို့ တင်ပြတောင်းခံ အပ်ပါသည်။