(ဂ)-သွားလာရေးခက်ခဲသော နေရာဒေသများနှင့် ချောင်းကူး/မြောင်းကူးနေရာများတွင် ကုန်ကျတန်ဖိုး မကြီးမားဘဲ ရေရှည်အတွက် လုံခြုံစိတ်ချစွာ အသုံးပြုနိုင်သည့် သံမဏိကြမ်းခင်း/သံမဏိကြိုးတံတား ငယ်များတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
လမ်းပန်းဆက်သွယ်ရေးနှင့် သွားလာရေးခက်ခဲပြီး ချောင်းကူး/မြောင်းကူးများရှိသည့် နေရာဒေသ များတွင် နိုင်ငံတော်၏ စီမံကိန်းများအရ လူနေထိုင်သွားလာမှု အနေအထားပေါ် မူတည်ပြီး လမ်း/တံတားများ ဦးစားပေးအဆင့်လိုက် ဖောက်လုပ်၊ ဆောက်လုပ်ပေးကြောင်း သိရပါသည်။ နိုင်ငံ၏ အဆင်းရဲမှုနှင့် ဖွံ့ဖြိုးမှုအနည်းဆုံး ဒေသများတွင် လူနေထိုင်မှုနည်းပါးသည့် ကျေးရွာတည်ဆောက်မှု အလှမ်းကွာဝေးပြီး သွားလာရေးခက်ခဲလွန်းသည့် အတွက်ကြောင့် နိုင်ငံတော်မှပြည့်ပြည့်စုံစုံ ဆောင်ရွက်ပေးရန် အခက်အခဲရှိပါကြောင်း၊ လူမှုကွန်ယက်များတွင် တွေ့ရှိရသည့်ပုံနှင့် ဗီဒီယိုဖိုင် အချို့တွင် နိုင်ငံ့တာဝန်ထမ်းနေရသော ဆရာ/မများနှင့် ကျောင်းသား/သူများသည် ပညာသင်ကြား နိုင်ရေးအတွက်ကို စာသင်ကျောင်းများရှိသည့် နေရာကိုသွားလာသည့်အခါ အခက်အခဲမျိုးစုံနှင့် အသက်အန္တရာယ်ကြားမှ သွားလာနေကြကြောင်း သိရပါသည်။ ၁၆-၁၁-၂၀၁၈ ရက်နေ့ ခေါင်လန်ဖူး မဲဆန္ဒနယ်က ဦးအာမိုးဆီတင်သွင်းခဲ့သည့် အဆို၏ Power Point တွင် ဖော်ပြခဲ့သော ချောင်းကူး/ မြောင်းကူခက်ခဲသည့် အနေအထား ဓာတ်ပုံများနှင့် Facebook Online များတွင် လွှင့်တင်ထားသော ဗီဒီယိုင်ဖိုင်များအရ နိုင်ငံ့တာဝန်ထမ်းနေကြသော ဆရာ/မများနှင့် ကျောင်းသား/သူများသည် မိုးရာသီကာလ တောင်ကျချောင်းရေ စီးကျနေသည့် ချောင်းကူးကြိုးတံတားငယ်မှ ခက်ခက်ခဲခဲနှင့် အသက်အန္တရာယ်ကို မမှုဘဲ သွားလာနေရကြောင်းနှင့် ကြိုးတံတားဆိုသည်မှာလည်း ဒေသထွက် ကြိမ်၊ ဝါး၊ နွယ်တို့နှင့်လုပ်ထားသဖြင့် ခိုင်ခန့်မှုအတွက် အာမခံချက်မပေးနိုင်သော ကြိုးတံတားများ ဖြစ်နေသည့်အတွက်ကြောင့် မတော်တဆမှုများ ဖြစ်ပေါ်နိုင်ခြေများသည့်အတွက် အကာအကွယ်မဲ့ နေသောနေရာ အနေအထားမျိုး၊ လုံခြုံစိတ်ချမှုမရှိသည့် အနေအထားမျိုးနှင့် သွားလာနေကြရသည့် နေရာတော်တော်များများတွင် ရှိမည်ဟုလည်း ထင်ပါကြောင်း၊ အချို့နေရာဒေသများတွင် ချောင်းကူးမြောင်းကူးများ ရှိနေသည့်အတွက်ကြောင့် မိုးရာသီကာလတွင် တစ်ယောက်လက် တစ်ယောက်တွဲပြီး ရေထဲကနေခက်ခက်ခဲခဲ သွားလာနေကြရပြီး ပညာသင်ယူသင်ကြား နေရသည့် အခက်အခဲများကို အထိုက်အလျောက် ပြေလည်စေလိုသည့်စိတ်ဖြင့် နိုင်ငံအတွက်လည်း ဝန်ထုပ်ဝန်ပိုးမဖြစ် အဖိုးနည်းဝန်ပါသဘောမျိုး အဆင်ပြေပြီး ရေရှည်အသုံး ပြုနိုင်ရန်အတွက် စိတ်ချလုံခြုံရသည့် မိမိတို့၏မြို့နယ်တွင် ဆွမ်ဇလန်နိုင်ငံ NGO အဖွဲ့များက လှူဒါန်းဆောက်လုပ် ပေးထားသည့် ၈ ပေအကျယ် သံမဏိကြမ်းခင်း၊ သံမဏိကြိုး တံတားပုံစံမျိုး ဆောက်ရွက်ပေးနိုင်မည်ဆိုလျှင် ခန့်မှန်းကျပ်သိန်း ၅၀၀ ခန့်ရှိသဖြင့် တန်ဖိုးလည်း သိပ်မများသည့်အတွက် သွားလာရေးခက်ခဲသော နေရာဒေသများက ပြည်သူများအတွက်လည်း အန္တရာယ်ကင်းကင်းဖြင့် ရေရှည်အကျိုးရှိရှိ အသုံးပြုနိုင်မည် ဖြစ်သည်ဟု ယူဆမိပါကြောင်း၊
မေးမြန်းလိုသည်မှာ သွားလာရေးခက်ခဲသော နေရာဒေသများနှင့် ချောင်းကူး/မြောင်းကူး နေရာများတွင် တန်ဖိုးကြီးမားသည့် သံကူကွန်ကရစ်တံတားများ တည်ဆောက်ပေးရန် အခက်အခဲရှိသည့် ဒေသများတွင် ကုန်ကျစရိတ်တန်ဖိုး မကြီးမားသည့် ရေရှည်အတွက်လည်း လုံခြုံစိတ်ချပြီး အသုံးပြုနိုင်သည့် သံမဏိကြမ်းခင်း/သံမဏိ ကြိုးတံတားငယ်များ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် မရှိပါက အခြားမည်သည့် နည်းလမ်းနှင့် ဆောင်ရွက်ပေးရန် စီစဉ်မှုများရှိကြောင်း ဖြေကြားပေးနိုင်ရေး အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။