(င)-မန္တလေး-ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးနှင့် မိုးကောင်း-ကာမိုင်း-ဖားကန့်လမ်းတို့တွင် ပါဝင်သော မိုးကောင်းမြို့နယ် အတွင်းရှိ လမ်းပိုင်းများအား မည်သည့်ဘဏ္ဍာနှစ်တွင် အဆင့်မြှင့်တင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မိုးကောင်းလမ်းပိုင်းအခြေအနေမှာ လမ်းဦးစီးဌာနက ဆောင်ရွက်သည့် အတိုင်း မူလမြေသားလမ်းပြီး ကျောက်ချောလမ်းပြီးလျှင် မိမိတို့ ၁၂ ပေလမ်းပြီးလျှင် ၃ ပေစီချဲ့ပြီးလျှင် ထပ်ပိုးလွှာစသဖြင့် အဆင့်မြှင့်တင်သည့် အစီအစဉ်ဖြစ်ပါကြောင်း၊ မိမိတို့ လမ်းပိုင်းအခြေအနေက ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ကုမ္ပဏီများကို ၃ ပေစီချဲ့ထားသည့်အဆင့်ထိ ရောက်ရှိနေပြီ ဖြစ်ပါကြောင်း၊ အဆိုပါ လမ်းချဲ့သည့် နေရာတွင် လမ်းအသားမသေဘဲ ချဲ့ခဲ့သည့်အတွက် ၎င်းလမ်းချဲ့သည့် ၃ ပေ ၂ ဖက်က လမ်းအသားများ နိမ့်ကျပြီး မူလလမ်းမကြီးနှင့်မညီဘဲ သုံးလမ်းသွားကဲ့သို့ ဖြစ်နေသည့် အခြေအနေ ဖြစ်ပါကြောင်း၊ ယာဉ်များကလည်း နိမ့်ကျသည့် လမ်းတစ်လျှောက်က မညီမညာဖြစ်သည့်အတွက် ၎င်းလမ်းကျယ်သည့် မူလလမ်းပေါ်တက်ပြီး လမ်းကြောလုမောင်းသည့် အခါတွင်လည်း ယာဉ်အန္တရာယ်များလည်း ကြုံတွေ့နေရပါကြောင်း၊ မြစ်ကြီးနားဘက် အပိုင်းကဲ့သို့ ၃ ပေစီ ချဲ့ပြီးထပ်ပိုးလွှာ ခင်းလိုက်သည့်အခါ ညီညာပြန့်ပြူး သွားသည့်အတွက် ယခုလို အခြေအနေ ဆောင်ရွက်ပေးနိုင်ရန်အတွက် တင်ပြသည့် အခါတွင်လည်း BOT ပေးရန်ရှိသည်ဆိုမှ ငြင်းပယ်ခြင်း ခံခဲ့ရပါကြောင်း၊ ၂၇-၂-၂၀၁၈ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးကြီးတွင် အဆိုပါ လမ်းပိုင်းအနေဖြင့် ပတ်သက်ပြီး BOT ပေးရန်ကိစ္စကို မေးမြန်းသည့် နေရာတွင် ဝန်ကြီးကလည်းလာပြီး BOT ပေးရန်မရှိပါကြောင်း၊ ပြည်ထောင်စု အစိုးရအနေဖြင့် တာဝန်ယူပြီးမှ ခင်းသွားမည်ဆိုပြီး ဖြေကြားခဲ့ပြီး ဖြစ်ပါကြောင်း၊ BOT လည်းမပေးနိုင်၊ ဌာနကလည်း မခင်းနိုင်ဘဲ မိမိတို့ ၄၊ ၅ နှစ်အတွင်း လမ်းကပိုပြီးမှ ပျက်စီးလာပါကြောင်း၊ ဆင့်ကလည်းပိုပြီး နိမ့်ကျလာမည် ဖြစ်သည့်အတွက် အကယ်၍ လမ်းအဆင့်မြှင့်တင်ရန် အစီအစဉ်များ ဖြစ်လာပြီဆိုလျှင် မဖြစ်မနေ ထည့်သွင်းစဉ်းစား ဆောင်ရွက်ပေးစေလိုသည်မှာ ၎င်းလမ်းမကြီးပေါ်ရှိသည့် တံတားများ ဖြစ်ပါကြောင်း၊
တံတားများကို တည်ဆောက်စေရာ မူလလမ်းထက်ကို များစွာမြင့်ပြီး တည်ဆောက်ထားခဲ့သည့်အတွက် တံတားကိုဖြတ်သည့် ယာဉ်တိုင်းသည် တစ်ဆင့်ကျတံတားများပေါ်မှ တက်ရသည့်အခါ အင်မတန်မှ အန္တရာယ်ရှိပါကြောင်း၊ တစ်လမ်းလုံးတွင်လည်း တံတားများ၊ ရေပေါက်များက များသည့်အတွက် မကြာခဏ ဖြတ်နေရသည့် အခြေအနေဖြစ်ပါကြောင်း၊ လမ်းအဆင့်မြှင့်တင်မည်ဆိုလျှင် တံတားနှင့်လမ်းများ ပြေပြေပြစ်ပြစ် ကူးသန်းသွားလာနိုင်ရန် အတွက်ကိုလည်း စီစဉ်ဆောင်ရွက်ပေးရန် တင်ပြလိုပါကြောင်း၊ နောက်လမ်းပိုင်းတစ်ခုအနေဖြင့် မိုင်းကောင်း-ကာမိုင်း-ဖားကန့်လမ်းပိုင်း အခြေအနေဖြစ်ပါကြောင်း၊ အဆိုပါ လမ်းပိုင်းအခြေအနေသည် ကျောက်ချောလမ်းအဆင့်ဖြစ်ပြီး သုံး၊ လေးနှစ်ခန့်လုံးဝ ပြုပြင်ထိန်းသိမ်းခြင်း မရှိသည့်အတွက် အင်မတန်မှ ဆိုးရွားပျက်စီးလာပြီးမှ မူလအခြေအနေအတိုင်း ပြန်လည်ရောက်ရှိနေပြီ ဖြစ်ပါကြောင်း၊ ဒါနေ့စဉ်ဖြတ်သန်းသွားလာနေသော ကုန်ကားများ၊ ဆီကားများကြောင့် ၎င်းထက်ပိုပြီးမှ ပျက်စီးဆိုးရွား လာရန်လည်း ရှိနေပါကြောင်း၊ အဆိုပါ လမ်းကိုလည်း ယခင်မေးခွန်းတွင် မေးမြန်းသည့်အခါ ၎င်းလမ်းကိုလည်း BOT ပေးမည် မဟုတ်ပါကြောင်း၊ ဝန်ကြီးဌာနက ဆောင်ရွက်ပေးမည်ဟုလည်း ဖြေကြားခဲ့ပြီး ဖြစ်ပါကြောင်း၊ နောက်တစ်ခုက ကျောက်မျက်လုပ်ငန်းရှင်များကနေပြီး ၎င်းလမ်းကို ငွေစိုက်ထုတ်ပြီး ဆောင်ရွက်ပေးစေလိုပါကြောင်း၊ နောက်သတင်းစာတွင်လည်း ကချင်ပြည်နယ်အစိုးရ အဖွဲ့ကနေပြီးမှ EOI ခေါ်ထားခြင်းကိုလည်း တွေ့ရှိရပါကြောင်း၊ BOT ကလည်းပေးရန် မရှိပါကြောင်း၊ ဌာနကလည်း ဆောင်ရွက်မည်ဟု ပြောပါကြောင်း၊ ကျောက်မျက်လုပ်ငန်း ရှင်များကလည်း ခင်းမည်ဟု ဖြေကြားပါကြောင်း၊ ထို့ကြောင့် မည်သည့်အစီအစဉ်ဖြင့် ၎င်းလမ်းကြီးကောင်းလာမည်နည်း၊ မည်သည့်အချိန် လမ်းကောင်းသွားရမည်နည်း ဆိုသည်မှာလည်း မဲဆန္ဒရှင်များမေးသည့် မေးခွန်းပင်ဖြစ်ပါကြောင်း၊ ၎င်းလမ်းနှင့်ပတ်သက်ပြီး မိုးကောင်းနှင့် ဖားကန့်မြို့နယ်အဆက်ရှိ နမ့်ဟိုင်ကျေးရွာ တစ်လျှောက်တွင် တောင်ကျရေကြောင့် လမ်းကိုတိုက်စားပြီး လမ်းပျက်စီးမည့် အန္တရာယ်ကလည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကွင်းဆင်းသည့်အခါ တွေ့ရှိခဲ့ရသည့် အခြေအနေကို တင်ပြလိုပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးသည် ဒေသလိုအပ်ချက်အများစု၏ သော့ချက် ဖြစ်ပါကြောင်း၊ ကျောင်းအဆင့်တိုးများ၊ ဆေးရုံ၊ ဆေးခန်းအဆင့်တိုးများ တင်ပြသည့်အခါတိုင်း ဝန်ကြီးဌာနများက ဖြေကြားသည်လည်း အနီးစပ်ဆုံးကျောင်း၊ ဆေးရုံများနှင့် ခရီးအကွာအဝေးပေါ် တွက်ချက်ခြင်းရှိပါကြောင်း၊ ထို့နောက် လမ်းကောင်းသည့် ချောမွေ့သောဒေသများတွင် အခက်အခဲမရှိသော်လည်း လမ်းဆိုးသည့် ဒေသများအတွက် အကွာအဝေးစံချိန် စံညွှန်းကလည်း အခက်အခဲဖြစ်နေပါကြောင်း၊ မိမိတို့ဒေသခံများ၏ စားဝတ်နေရေးကို တွယ်အားထားသည့်နေရာ နောက်ပြီး တိုင်းပြည်၏ဘဏ္ဍာငွေ အလုံးအရင်းနှင့် ဖြည့်တင်းပေးနေသော ဖားကန့်လမ်းကြီးနှင့် မိမိတို့တစ်မြို့နယ်လုံး အားကိုးအားထားပြုနေရသည့် မန္တလေး-ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းကို အဆင့်မြှင့်တင်လိုက်မည်ဆိုလျှင် တစ်မြို့နယ်လုံး၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးကိစ္စအဝဝကို မြှင်တင်ပေးရာရောက်မည် ဖြစ်သည့်အပြင် ဇလုံတောင်၊ အင်းတော်ကြီး၊ ဧရာဝတီမြစ်ဆုံစသည့် သမိုင်းဝင်အမွေအနှစ်နှင့် စပ်လျဉ်း၍ ပြည်တွင်းခရီးသွားလုပ်ငန်းများ တစ်နေ့တခြား တိုးတက်လာသည့် ခရီးသွားလုပ်ငန်းကိုပါ အထောက်အကူပြုမည် ဖြစ်သည့်အတွက် အဆိုပါ လမ်းပိုင်းများကို အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ကို မည်သည့်နှစ်မှ လျာထားဆောင်ရွက် ပေးမည်ဆိုသည်ကို သိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။