(က)-ဖွံ့ဖြိုးရေးနောက်ကျပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသောဒေသနှင့် မငြိမ်းချမ်းသောဒေသများသို့ ဆေးပင်စင် ယူခါနီးဝန်ထမ်းများနှင့် လုပ်သက်ပြည့်ပင်စင်ယူခါနီး ဝန်ထမ်းများအား စေလွှတ်ခြင်း မည်ကဲ့သို့စီမံဆောင်ရွက်သွားမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ဖွံ့ဖြိုးရေးနောက်ကျပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောဒေသနှင့် မငြိမ်းချမ်းသောဒေသများသို့ ဝန်ထမ်းများစေလွှတ်သည့်အခါ ဆေးပင်စင်ယူခါနီးဝန်ထမ်းများနှင့် လုပ်သက်ပြည့်ပင်စင်ယူခါနီး ဝန်ထမ်းများအား စေလွှတ်ခြင်း၊ အကြောင်းတစ်စုံတစ်ရာကြောင့် ဌာနပြစ်ချက်ဖြင့်ဝန်ထမ်းများ စေလွှတ်ခြင်းတို့မှာ အစဉ်အလာတစ်ခုကဲ့သို့ ဖြစ်နေခြင်းအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့စီမံဆောင်ရွက်သွားမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေးစသည့် အဖက်ဖက်မှ နိမ့်ကျသော မိမိတို့မန်တုံမြို့ အထက်တန်းကျောင်းတွင် ကျောင်းအုပ်ဆရာကြီးတစ်ဦး တာဝန်ကျခဲ့ပါကြောင်း၊ ၎င်းသည်အမြဲတမ်း သောက်စားမူးပြီး အိပ်လေ့ရှိပြီး လက်ရှိရာထူး၏ တာဝန်ကို မည်သည့်အရာမျှ မယူသည့်အပြင် လက်အောက် ဝန်ထမ်းများက လိုအပ်ချက်များ တင်ပြလာသည့် အခါမျိုးတွင် အမြဲပြန်ပြောသည့် စကားတစ်ခွန်းမှာ အလုပ်ဆိုသည်မှာ ရှာလုပ်ရင်ရှိတယ်၊ ရှာလုပ်လျှင် ပင်ပန်းတယ်၊ ထို့ကြောင့် အေးဆေးနေကြဟု ပြန်ပြောလေ့ရှိပါကြောင်း၊ ၎င်းကျောင်းအုပ်မကောင်း၍ ပြောင်းသွားလည်း အလားသဏ္ဍာန်တူသည့် ကျောင်းအုပ် နောက်တစ်ယောက် ပြန်ရောက်လာပါကြောင်း၊ ၎င်းကျောင်းအုပ်ဆရာမက အလယ်တန်းကျောင်းအုပ်ရာထူးနှင့် လုပ်သက်ပြည့်ပင်စင် ယူခါနီး ရာထူးတိုးဖြင့် ရောက်လာသည့် ကျောင်းအုပ်ဆရာမကြီး ဖြစ်ပါကြောင်း၊ ယခင်ကျောင်းအုပ်ဆရာမကြီး တာဝန်ထမ်းဆောင်ခဲ့သော အလယ်တန်းကျောင်းသည် ကျောင်းသား ၁၀၀ ကျော်သာရှိပြီး ရုတ်တရတ် ကျောင်းသားဦးရေ ၁၆၀၀ ကျော်ရှိသည့် အထက်တန်းကျောင်းကို ပြောင်းလာသည့်အခါ အဓိကရင်ဆိုင်ရသည့် ပြဿနာက စီမံခန့်ခွဲမှုဖြစ်ပြီး ဆက်လက်ပြီး ကျန်းမာရေးဌာန အကြောင်းကိုလည်း တင်ပြချင်ပါကြောင်း၊ မိမိတို့မြို့နယ်မှာ တာဝန်ကျခဲ့သည့် ဆရာဝန်တစ်ဦးသည် အမြဲသောက်စားမူးပြီး အိပ်နေပါကြောင်း၊ ဆေးရုံတွင် အရေးပေါ်လူနာ ရောက်လာပါက သူအိပ်နေသည်ဆိုလျှင် ၎င်း၏မိခင်က ၎င်း၏သားအိပ်နေသည့်အတွက် အိပ်ရေး ပျက်မှာစိုးသည်ဟု ပြန်ပြောပါကြောင်း၊ ၂၀၁၆-၁၇ နောက်ထပ်ဆရာဝန်အသစ် ထပ်မံ၍ရောက်လာပါသော်လည်း အချိန်ပြည့်ခရီးထွက်၊ ခွင့်ယူ၊ လစာထုတ်ရက်သာတွေ့မြင်ရသဖြင့် ဆေးရုံလူနာများ ဆေးဝယ်သုံးရသည့်အဆင့် ဖြစ်ပါကြောင်း၊ မြို့နယ်စာရင်းစစ်ရုံးတွင် ဆိုလည်း ပြောင်းရွှေ့သွားသည့် ဦးစီးမှာ တာဝန်ကျစဉ်ကတည်းက ကျန်းမာရေးမကောင်းသဖြင့် အိမ်ထဲကနေ အိမ်ပြင်မထွက်နိုင်၊ နောက်တစ်ယောက် ထပ်ရောက်လာပြန်လျှင်လည်း မြန်မာစကား အချင်းချင်းပြောသည်ကို နားမလည် ပါကြောင်း၊ ဘာသာပြန်တစ်ယောက်ထားရပါကြောင်း၊ ယခု ရင်ဆိုင်နေရသည့် အခက်အခဲမျိုးသည် ဝေးလံခေါင်တီးသည့် ဒေသနှင့် မြို့နယ်ဖွံ့ဖြိုးမှု နောက်ကျသည့် တိုင်းရင်းသားဒေသ တော်တော်များများ တွေ့ရပြီး အစဉ်အလာတစ်ခုကဲ့သို့ ဖြစ်နေကြောင်း၊ ခံယူကြရပါသည်။ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈) တွင် နိုင်ငံသူနိုင်ငံသားများ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများသည် တန်းတူညီမျှမှု ရှိရမည်ဟု အကျယ်တဝင့် ဖော်ပြထားသည်ကို တွေ့ရှိရပါကြောင်း၊ ယခုလိုဖော်ပြထားပါလျက် ပြစ်ချက်ရှိသော၊ မကောင်းသော ဝန်ထမ်းများအား ဖွံ့ဖြိုးမှုနောက်ကျသည့် ဒေသသို့ပို့ခြင်းသည် ဥပဒေကိုမလိုက်နာရာ ရောက်ပါကြောင်း၊ ဝန်ထမ်းများသည် ပြစ်ချက်ရှိသော်လည်း မိမိတို့ဌာနေတိုင်းရင်းသားများတွင် အပြစ်မရှိပါကြောင်း၊ ယခုအချိန်ကစပြီး ဖွံ့ဖြိုးမှုနောက်ကျသော ဒေသများအား အသုံးမဝင်သော ဝန်ထမ်းများ ထပ်မံခန့်ထား ခြင်းအား ထပ်မံမလုပ်ရန် ပြည်သူများကိုယ်စား တောင်းဆိုချင်ပါကြောင်း၊ ယနေ့ ရင်ဆိုင်နေရသည့် ပြဿနာများ ဖြစ်သည့် ဝန်ထမ်းခန့်ထားရေးဆိုင်ရာ အခက်အခဲများ၊ တာဝန်ချထားခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ စွမ်းအင်မြှင့်တင်ခြင်းဆိုင်ရာ အခက်အခဲများနှင့် ပတ်သက်ပြီး အမြန်ဆုံးအဖြေရှာ ဖြေရှင်းရန် အရေးတကြီးလိုအပ်နေပါကြောင်း၊
ဆယ်စုနှစ်ပေါင်းများစွာ အစဉ်အလာတစ်ခုကဲ့သို့ ဖြစ်နေသည့် အရာများကို ပြုပြင်ပြောင်းလဲ ပေးရန်အတွက် နိုင်ငံတော်မှ တာဝန်အပ်နှင်းခြင်း ခံရသည့်ဌာနက ပြည်ထောင်စုရာထူးဝန် အဖွဲ့ ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ဆောင်ပုဒ်ဆိုလျှင် ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည် ဆိုသည့် ဆောင်ပုဒ်ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးမှုေနောက်ကျသည့် ဒေသတွင် ကောင်းသည့်ဝန်ထမ်း မရောက်လာသည့်အတွက် နိုင်ငံအတွက် ရင်လေးစရာဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံး တန်းတူဖွံ့ဖြိုး တိုးတက်ရန်အတွက် တန်းတူညီမျှမှုရှိရန် လိုအပ်ပါကြောင်း၊
အမှန်တကယ် လုပ်သက်ပြည့်ပင်စင်ယူခါနီး ဝန်ထမ်းများအား အမှန်တကယ် အရည်အချင်း ပြည့်မီခြင်းမျိုး မဟုတ်ဘဲ အသက်ကြီးပြီးနားရမည့် ပင်စင်လည်းယူခါနီး ရာထူးတိုးလည်း လျှောက်ခြင်းကို ခွင့်မပြုသင့်ပါကြောင်း၊ ယခုကဲ့သို့ အမှန်တကယ် အရည်အချင်းများ မရှိဘဲ ရာထူးတိုးသွားသည့် ဝန်ထမ်းများကို ရာထူးတိုးလျှောက်ထားခြင်းကို လက်ခံသည့်အခါ အစဉ်အလာအရ ဖွံ့ဖြိုးမှုမရှိသည့် ဒေသကိုပို့ခြင်းက များပါကြောင်း၊ နောက်ပြီး အမှန်တကယ် ပြစ်ချက်ရှိကြောင်း တွေ့ရှိသည့် ဝန်ထမ်းများကိုလည်း တာဝန်မှရပ်စဲရန် အကြံပြုလိုပါကြောင်း၊ အသုံးမကျသည့် လူများခန့်ထားခြင်းသည် နိုင်ငံတော်ဘဏ္ဍာကို ဖြုန်းတီးခြင်းနှင့် အတူတူ ဖြစ်ပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာပြည်ထောင်စု ရာထူးဝန်အနေဖြင့် မိမိတို့ ချမှတ်ထားသော မူဝါဒများစွာ အားနည်းနေခြင်းဖြစ်သည့်အတွက် ဖွံ့ဖြိုးရေးနောက်ကျပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောဒေသနှင့် မငြိမ်းချမ်းသောဒေသများသို့ ဝန်ထမ်းများ စေလွှတ်သည့်အခါ ဆေးပင်စင်ယူခါနီး ဝန်ထမ်းများနှင့် လုပ်သက်ပြည့်ပင်စင်ယူခါနီး ဝန်ထမ်းများအား စေလွှတ်ခြင်း၊ အကြောင်းတစ်စုံတစ်ရာကြောင့် ဌာနပြစ်ချက်ဖြင့် ဝန်ထမ်းများ စေလွှတ်ခြင်းတို့မှာ အစဉ်အလာ တစ်ခုကဲ့သို့ ဖြစ်နေခြင်းအပေါ် သက်ဆိုင်ရာဝန်ကြီးဌာန အနေဖြင့် မည်ကဲ့သို့ စီမံဆောင်ရွက် သွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။