(ဂ)-ဒလမြို့နယ်တွင် စက်မှုလက်မှုအထက်တန်းကျောင်းဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း

2020-12-29

 

မိမိတို့ ဒလမြို့နယ်သည် ရပ်ကွက် ၂၄ ရပ်ကွက်၊ ကျေးရွာ ၂၃ အုပ်စု စုစုပေါင်း ၄၇ အုပ်စုတွင် လူဦးရေ ၁၆၀၀၀၀ ကျော်ရှိပြီး အိမ်ခြေအားဖြင့် ၃၀၀၀၀ ကျော်၊ အိမ်ထောင်စု ၃၆၀၀၀ ခန့် မှီတင်းနေထိုင် လျက်ရှိသည့် မြို့နယ်ဖြစ်ပါကြောင်း၊ အလုပ်လုပ်နိုင်သူဦးရေ ၈၅၀၀၀ ခန့်ရှိပြီး အလုပ်လက်မဲ့ ဦးရေ ၂၀၀၀၀ ခန့်ရှိကြောင်း၊ ရာခိုင်နှုန်းအားဖြင့် ၁၂.၉ ရာခိုင်နှုန်းရှိကြောင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ စာရင်းများမှ သိရှိရပါကြောင်း၊ စက်မှုလက်မှုအထက်တန်းကျောင်းသာ ဒလမြို့နယ်တွင် ပေါ်ပေါက်မည် ဆိုပါကဖြစ်ပေါ်လာမည့် စက်မှုနယ်မြေများအတွက် ကျွမ်းကျင်သည့် လူ့စွမ်းအားအရင်း အမြစ်များကို ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ အလုပ်အကိုင်၊ အခွင့်အရေးသာမက အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးများအတွက်လည်း အထောက်အကူပြုမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဒလမြို့နယ် ရှိလူငယ်များအတွက် အသက်အရွယ်နှင့်ပညာ အရည်အချင်းအလိုက် သင်ယူတတ်မြောက်နိုင်မည့် ကျွမ်းကျင်မှုဆိုင်ရာ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ၊ ပညာရေးနှင့်သင်တန်းများ ပေါ်ပေါက်ရန် အတွက် စက်မှုလက်မှု အထက်တန်းကျောင်းသည် အမှန်တကယ် လိုအပ်လျက်ရှိပါကြောင်း၊

မြို့နယ်အတွင်းရှိ ပြည်သူများသည် လယ်သမားအများစု ဖြစ်ကြသော်လည်း လယ်ယာမြေသိမ်းဆည်း ခံရခြင်းနှင့် အခြားအကြောင်းများကြောင့် အလုပ်လက်မဲ့ဖြစ်ပြီး ကြုံရာကျပန်းအလုပ်များ လုပ်နေကြ ရပါကြောင်း၊ ဒလမြို့နယ်မှ အခြားမြို့နယ်များက ပြောင်းလာသောကျူးကျော်သူများလည်း တိုးပွား လျက်ရှိပြီး အလုပ်အကိုင်အခွင့်အလမ်း ရှားပါးနေသောကြောင့် ပြည်သူလူထုစားဝတ်နေရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရွှေအခွင့်အရေးကဲ့သို့ လိုအပ်နေသောမြို့နယ် ဖြစ်သည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် စီးပွားရေးကျပ်တည်းမှုဖြစ်စေ၊ အခြားအကြောင်းများကြောင့် ဖြစ်စေ ကျောင်းထွက်ခဲ့ရသည့် လူငယ်များအတွက်လည်း အသက်မွေးဝမ်းကျောင်း ပညာသင်ကြားပေးရန် အထူးလိုအပ်နေသော မြို့နယ်လည်း ဖြစ်ပါကြောင်း၊ သို့မှသာ အခွင့်အရေးဆုံးရှုံးနေရသည့် လူငယ်များသည် လမ်းမှားမရောက်ရှိမည် ဖြစ်ပါကြောင်း၊ မကြာသေးခင်ကာလက ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် တိုးချဲ့တည်ဆောက်မည့် မြို့နယ်စီမံကိန်းအရ ဒလမြို့ဆင်ခြေဖုံးတွင် နိုင်ငံခြားကုမ္ပဏီတစ်ခုနှင့် စက်မှုနယ်မြေအတွက် MOU လက်မှတ်ရေးထိုးခဲ့သည့်အတွက် မြို့ဆင်ခြေဖုံးတွင် မကြာမီ စက်မှုနယ်မြေပေါ်ပေါက်မည့် အလားအလာရှိနေပြီးလည်း ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးမှုနောက်ကျသော ဒလမြို့နယ်အတွက် စက်မှုလက်မှုအထက်တန်းကျောင်းကို ဖွင့်လှစ်ပေးနိုင်ခြင်းသည် မျှော်လင့်ချက်ကင်းမဲ့နေသော ဒလမြို့ရှိလူငယ်များကို ကယ်တင်လိုက်ခြင်း ဖြစ်ကြောင်း မြို့မိမြို့ဖများနှင့် မဲဆန္ဒရှင်အားလုံးက အသိအမှတ်ပြုကြမည် ဖြစ်ပါကြောင်း၊

စက်မှုလက်မှုအထက်တန်းကျောင်း တည်ဆောက်မည့် မြေနေရာနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီး၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဒေါ်နီလာကျော်တို့၏ ပြောကြားချက်အရ ဒလမြို့ဆင်ခြေဖုံးတွင် ပေါ်ပေါက်မည့် အဆိုပါစက်မှုနယ်မြေတွင် ဧက ၂၀ ခန့် ကျောင်းအတွက်လျာထား ပေးမည်ဖြစ်ကြောင်း သိရှိရသည့် အတွက် လိုအပ်မည့်မြေနေရာအတွက် မြေဧရိယာအလုံအလောက် ရှိနေပါကြောင်း၊ ထို့ကြောင့် မြေအတွက် စိတ်မပူရသော ဒလမြို့နယ်အတွက် စက်မှုလက်မှုအထက်တန်းကျောင်း ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။