(ဆ)-ဖလမ်းမြို့နယ်၊ သီးဆဲင်ကျေးရွာအုပ်စု၊ ဗားလုံ (ဝေဠုဝန်စခန်း) ကျေးရွာတွင် ရဲကင်း သို့မဟုတ် ရဲစခန်း ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ဖလမ်းမြို့နယ်၊ သီးဆဲင်ကျေးရွာအုပ်စု၊ ဗားလုံရွာသည် ဖလမ်း-ကလေးကားလမ်းပေါ်တွင် တည်ရှိပြီး ဖလမ်းမြို့မှ ၄၂ မိုင်၊ ဗားရဲကင်းမှ ၃၀ မိုင်ကွာဝေးလျက် ရှိပါကြောင်း၊ ဗားလုံကျေးရွာတွင် အိမ်ခြေ ၁၆၀၊ လူဦးရေအားဖြင့် ၁၀၀၀ ကျော် နေထိုင်လျက်ရှိပြီး ဗားလုံးကျေးရွာအနီး ရွာပေါင်း ၁၇ ရွာ နေထိုင်ကြပြီး လူဦးရေအားဖြင့် ၂၀၀၀ ကျော်ရှိပါသည်။ ဗားလုံကျေးရွာတွင် အခြေခံပညာ အထက်တန်းကျောင်း ၁ ကျောင်း၊ မီးသတ်စခန်း ၁ ခု၊ ဆောက်လုပ်ရေးစခန်း ၁ ခု၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ၁ ကျောင်းနှင့် ခရစ်ယာန်ဘုရား ရှိခိုးကျောင်း ၆ ကျောင်းရှိပါကြောင်း၊ ကျေးရွာနေပြည်သူလူထု အများစုမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများဖြင့် ရိုးသားစွာ လုပ်ကိုင် စားသောက် သူများဖြစ်ပါကြောင်း၊ ဝေးလံခေါင်သီပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ပြည်သူများ၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။
ဝေဠုဝန်စခန်း (ခေါ်) ဗားလုံကျေးရွာသည် ဖလမ်း-ကလေးကားလမ်းပေါ်တွင်ရှိပြီး လူမျိုးပေါင်းစုံ၊ စရိုက်မျိုးစုံနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူများ၏ သွားလာဖြတ်သန်းရာ နေရာလည်း ဖြစ်သဖြင့် မှုခင်းများ၊ ပဋိပက္ခများ မကြာခဏဖြစ်ပွားလျက် ရှိပါကြောင်း၊ ထိုသို့မှုခင်းများ၊ ပဋိပက္ခများ မကြာခဏ ဖြစ်ပွားသဖြင့် ပြည်သူများ၏လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတို့သည် တစ်နေ့တခြား စိုးရိမ်ရသော အခြေအနေတွင် ရှိနေပါကြောင်း၊ အကယ်၍ ရဲစခန်း သို့မဟုတ် ရဲကင်းဖွင့်လှစ်ခွင့် ပြုပါက မြေနေရာလုံလောက်စွာ ရှိကြောင်းလည်း သိရှိရပါသည်။ သို့ဖြစ်ပါ၍ ပြည်သူများ၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ သီးဆဲင်ကျေးရွာအုပ်စု၊ ဝေဠုဝန်စခန်း (ခေါ်) ဗားလုံကျေးရွာတွင် ရဲကင်း သို့မဟုတ် ရဲစခန်း ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။