(က)-လွှတ်တော်ကိုယ်စားလှယ်များ၏ လှုပ်ရှားမှုများအပေါ် စစ်ဘက်ဆိုင်ရာလုံခြုံရေးအဖွဲ့များ၏ ဆောင်ရွက်ချက်များအပေါ် စစ်ဘက်ဆိုင်ရာလုံခြုံရေးအဖွဲ့များ၏ဆောင်ရွက်ချက်များသည် ဥပဒေနှင့် အညီညီညွတ်ခြင်းရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
လွှတ်တော်အစည်းအဝေး ရပ်နားသည့်အချိန်များတွင် မိမိတို့၏ မဲဆန္ဒနယ်များကိုသွားရောက်ပြီး လွှတ်တော်အတွေ့အကြုံ ရှင်းလင်းခြင်း၊ ဒေသဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများက ဖိတ်ကြားသဖြင့် အခမ်းအနားများကို တက်ရောက်ခြင်း၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၏ ဖိတ်ကြားချက်အရ အစည်းအဝေးတက်ရောက်ခြင်းတို့ကို ဆောင်ရွက်ရပါကြောင်း၊ ယခုလိုဆောင်ရွက်သည့် နေရာတွင် အဖွဲ့အစည်းများ၏ အစည်းအဝေးများမှ သတင်းရယူခြင်း၊ အသံဖမ်းခြင်း၊ ဓာတ်ပုံရိုက်ခြင်းတို့ကို နားလည်မှုပေးနိုင်သော်လည်း လွှတ်တော်အတွေ့အကြုံရှင်းလင်းသည့် နေရာတွင် ၎င်းတို့၏ စောင့်ကြည့်ခြင်း၊ သတင်းရယူခြင်းများသည် မဲဆန္ဒရှင်ပြည်သူ၊ လွှတ်တော်ကိုယ်စားလှယ်ပါ လွတ်လပ်မှုမရှိ၊ လုံခြုံမှုမရှိ၊ တရားဥပဒေစိုးမိုးမှုမရှိသကဲ့သို့ ခံစားနေရပါကြောင်း၊ ၈-၃-၂၀၁၇ ရက်နေ့တွင် ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၅ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကို ပြဋ္ဌာန်းထားပြီး ဖြစ်ပါကြောင်း၊ အဆိုပါ ဥပဒေပုဒ်မ ၂ ပုဒ်မခွဲ (ဂ) တွင် ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုဆိုသည်မှာ နိုင်ငံသားတစ်ဦး၏ ဥပဒေနှင့်အညီ လွတ်လပ်စွာ သွားလာဆောင်ရွက်ခွင့်၊ လွတ်လပ်စွာနေထိုင်ခွင့်၊ လွတ်လပ်စွာပြောဆို ပိုင်ခွင့်ကို ဆိုလိုသည်ဟု ပြဋ္ဌာန်းထားခြင်းရှိပါကြောင်း၊ ထို့အပြင် ၎င်းဥပဒေပုဒ်မ ၈ ပုဒ်မခွဲ (ခ) တွင် နိုင်ငံသားတစ်ဦး၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို အနှောင့်အယှက်ဖြစ်စေ သော သို့မဟုတ် လူ့သိက္ခာကို ထိခိုက်စေသော နောက်ယောင်ခံ စောင့်ကြည့်ခြင်း၊ စုံထောက်ခြင်းနှင့် စုံစမ်းခြင်းတို့ မပြုရဆိုပြီး ပြဋ္ဌာန်းထားခြင်း ဖြစ်ပါကြောင်း၊ ယခုလို စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များ၏ ဆောင်ရွက်ချက်များက ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေပုဒ်မ ၆၂ ပါ ပြည်သူအများက ရွေးချယ်ထားသော လွှတ်တော်ကိုယ်စားလှယ်များသည် မိမိအားရွေးချယ်ပေးသည့် မဲဆန္ဒနယ်ကို ကိုယ်စားပြုပြီး ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသော အများကလေးစားထိုက်သည့် ပုဂ္ဂိုလ်များဖြစ်သည် ဆိုသည့် ပြဋ္ဌာန်းချက်ကို အဟောသိကံ ဖြစ်စေသည့်အတွက်ကြောင့် မိမိမေးမြန်းလိုသည်မှာ စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များ၏ လွှတ်တော်ကိုယ်စားလှယ်များအပေါ် စောင့်ကြည့်ခြင်း၊ သတင်းရယူခြင်းသည် ဥပဒေနှင့်ညီညွတ်မှုရှိ/မရှိနှင့် ၎င်းတို့အား လွှတ်တော်ကိုယ်စားလှယ်များအား စောင့်ကြည့်ခြင်း၊ သတင်းရယူခြင်းဆောင်ရွက်ရန် သီးခြားဥပဒေ ပြဋ္ဌာန်းထားခြင်းရှိ/မရှိအပြင် ယခုလိုစောင့်ကြည့်ရန်၊ သတင်းရယူရန်၊ ညွှန်ကြားထားခြင်းရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။