(ခ)-ညောင်လေးပင်မြို့၊ ရန်ကုန်-မန္တလေး ရထားလမ်းနှင်‌့ ကားလမ်းအကြားရှိ ခမရ(၂၀)မှ တပ်မြေအဖြစ် ရရှိထားသောမြေ (၇.၉၀၀၂) ဧကအတွင်း အသုံးမပြုသည်‌့ မြေနေရာများအား မော်တော်ယာဉ်ဝင်း ဆောက်လုပ်ရေးအတွက် စွန့်လွှတ်ပေးရန် အစီအစဉ်ရှိ/မရှိ နှင်‌့စပ်လျဉ်းသည့်မေးခွန်း

2020-12-29

 

ညောင်လေးပင်မြို့၊ မြို့မ(၃)ရပ်ကွက်၊ ဖအောင်းရွာမရပ်အတွင်း ရန်ကုန်-မန္တလေး ရထားလမ်းနှင်‌့ မော်တော်ကားလမ်းအကြားရှိ ခမရ(၂၀)မှ တပ်မြေအဖြစ် အသုံးပြုခွင်‌့ ရရှိထားသောမြေ(၇.၉၀၀၂) ဧက အတွင်း တပ်မှ အသုံးမပြုသည်‌့ မြေနေရာများအား ညောင်လေးပင်မြို့ မော်တော်ယာဉ်ဝင်း ဆောက်လုပ်ရေးအတွက် စွန့်လွှတ်ပေးရန် အစီအစဉ်ရှိ/မရှိ နှင်‌့စပ်လျဉ်းသည့်မေးခွန်း

 

ယခုမြေနေရာသည် ညောင်လေးပင်မြို့၊ မြို့မ(၃) ရပ်ကွက် ဖအောင်းရွာမရပ်အတွင်း ရန်ကုန်-မန္တလေး မီးရထားလမ်းနှင်‌့ မော်တော်ကားလမ်းအကြားတွင်တည်ရှိပြီး မြေဧရိယာအကျယ်အားဖြင့် ၇.၉၀၀၂ ဧကရှိပါကြောင်း၊ ၎င်းနေရာတွင် ဦးလူကျုံဝမ်းဆိုသူက ၁၉၅၈ ခုနှစ်တွင် ဗွိုင်လာစက် စတင်တည်ခဲ့ပါကြောင်း၊ ၁၉၅၆ ခုနှစ်တွင် ခလရ(၆)၊ ခလရ(၆)ကအဆောက်အဦများ ဆောက်လုပ်ပြီး တပ်မြေအဖြစ် အသုံးပြုခဲ့ပါကြောင်း၊ ၁၉၈၀ ခုနှစ်တွင် အဆိုပါအဆောက်အဦများကို ယခုမြို့မ (၂)ရပ်ကွက်ရှိ ခမရ(၂၀) တပ်ရင်းကို ရွှေ့ပြောင်းနိုင်ခဲ့ပါကြောင်း၊ ၁၉၉၂ ခုနှစ်တွင် ၎င်းမြေနေရာကို မြို့မြေအဖြစ်အသုံးပြုရန် လန-၃၉ ထုတ်ခဲ့ပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ၃၀-၃-၁၉၉၄ ရက်စွဲပါစာဖြင့် ခမရ (၂၀) တပ်ရင်းအတွက် အသုံးပြုရန် ကာကွယ်ရေးဝန်ကြီးဌာနက အလိုရှိကြောင်း၊ ၁၈၉၄ ခုနှစ် မြေသိမ်းအက်ဥပဒေပုဒ်မ ၆ အရ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီးနောက် ပဲခူးခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ မြေသိမ်းအမှုတွဲအမှတ်၁၈/(၉၁-၉၂) နှင့် ၂၇-၆-၁၉၉၄ ရက်နေ့ တွင် ကာကွယ်ရေးဝန်ကြီးဌာနကို လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊

ယခုအခါ ၎င်းမြေဧရိယာ ၇.၉၀၀၂ ဧက ၂.၇၃ ဧက ပေါ်တွင်သာ ခမရ(၂၀)တပ်ရင်းက ငါးမွေးမြူခြင်း လုပ်ငန်းလိုင်စင်ယူပြီး လုပ်ကိုင်နေပါကြောင်း၊ ကျန် ဝ.၁၀ ဧကအပေါ်တွင် ကိုးနဝါးစေတီ တစ်ဆူရှိပါကြောင်း၊ ကျန်မြေနေရာများအပေါ်တွင် ခြုံနွယ်ပိတ်ပေါင်းများပေါက်ရောက်နေပြီး မည်သို့မျှ အသုံးပြုထားခြင်းမရှိပါကြောင်း၊

ညောင်လေးပင်မြို့တွင် လူဦးရေတိုးတက်များပြားလာသည်နှင့်အမျှ ခရီးအသွားအလာလည်း များပြား လာပါကြောင်း၊ ခရီးသည်တင်ယာဉ်လိုင်းများလည်း များပြားလာပါကြောင်း၊ မော်တော်ယာဉ်ဝင်း မရှိသည့်အတွက်ကြောင့် ရန်ကုန်-မန္တလေးလမ်းမကြီးဘေး တစ်လျှောက်တွင်သာ ကားဂိတ်များ ဖွင့်လှစ်ပြီး ခရီးသည်အတင်အချများကို ပြုလုပ်နေကြရပါကြောင်း၊ အလားတူစွာ ကုန်တင်ကုန်ချ ကိုလည်း လမ်းဘေးဝဲ/ယာတစ်လျှောက်တွင်သာ ပြုလုပ်နေကြရသည့်အတွက် ယာဉ်ကြော ပိတ်ဆို့ခြင်း၊ ခရီးသွားများ ယာဉ်တိုက်မှုမကြာခဏဖြစ်ခြင်းများကိုလည်း ကြုံတွေ့နေရပါကြောင်း၊ ထို့ကြောင့်ညောင်လေးပင်မြို့တွင် ခရီးသည်အတင်အချ၊ ကုန်အတင်အချနှင့် မော်တော်ယာဉ်များ ညအိပ်ရပ်နားနိုင်ရန်အတွက် မော်တော်ယာဉ်ဝင်း သို့မဟုတ် ယာဉ်ရပ်နားစခန်း တစ်ခုလိုအပ်လျက် ရှိနေပါကြောင်း၊ ညောင်လေးပင်မြို့ မြို့ပြစီမံကိန်းအရလျာထားသည့် ကားဝင်းနေရာသည်လည်း မြို့မှ တစ်မိုင်ကျော်ကျော်ခန့် ဝေးကွာနေသည့်အတွက် ခရီးသွားများအတွက် အဆင်မပြေ၊ ကုန်အတင် အချအတွက်လည်း အဆင်မပြေနိုင်ပါကြောင်း၊ ယခုဖော်ပြထားသည့်နေရာသည် မြို့နှင်‌့လည်း အလှမ်းမကွာသည့်အတွက်ကြောင့် မော်တော်ယာဉ်ရပ်နားစခန်းကားဝင်းအဖြစ် အသုံးပြုရန် သင့်တော် ကြောင်းကိုလည်း မြို့လူထုက ဆန္ဒပြုတောင်းဆိုနေကြပါကြောင်း၊ သို့ဖြစ်ပါ၍ ညောင်လေးပင်မြို့၊ မြို့မ(၃)ရပ်ကွက်၊ ဖအောင်းရွာမရပ်အတွင်း ရန်ကုန်-မန္တလေး ရထားလမ်းနှင်‌့ မော်တော်ကားလမ်း အကြားရှိ ခမရ(၂၀)မှ တပ်မြေအဖြစ် အသုံးပြုခွင်‌့ ရရှိထားသောမြေ(၇.၉၀၀၂) ဧက အတွင်း တပ်မှ အသုံးမပြုသည်‌့ မြေနေရာများအား ညောင်လေးပင်မြို့ မော်တော်ယာဉ်ဝင်း ဆောက်လုပ်ရေးအတွက် စွန့်လွှတ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။