(င)-ကျောက်တန်းမြို့နယ်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးအဖွဲ့က လုပ်ပိုင်ခွင့်ရယူဆောင်ရွက် နေသော ရေငန်ပုစွန်မွေးမြူရေးလုပ်ငန်းများမှ နိုင်ငံတော်အတွက် အကျိုးအမြတ်ရရန် မည်သို့ ဆောင်ရွက်မည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ကျောက်တန်းမြို့နယ်တွင် သောင်ထွန်းမြေဖြစ်သည့် အောင်ချမ်းသာကျေးရွာ တာပြင်တွင် ပေါ်ထွန်းနေသော သောင်ထွန်းမြေလွတ်၊ မြေလပ်၊ မြေရိုင်းမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကနေပြီး ဧက ၅၀၀ လုပ်ထားပါကြောင်း၊ နောက်ပြီး သီလဝါစက်မှုဇုန်ကိုသွားသည့် ကွင်းအမှတ် (၆၂၁) တွင်လည်း ဧက ၁၀၀ ကျော် လုပ်ပိုင်ခွင့်ယူထားခြင်း ရှိပါကြောင်း၊ အဆိုပါ ပုစွန်မွေးမြူရေး လုပ်ငန်းများသည် ပြည်သူ့အကျိုးအတွက် မည်ကဲ့သို့ ဆောင်ရွက်နေသည်ကို သိချင်သည့်အတွက်ကြောင့် မေးမြန်းသွားမည် ဖြစ်ပါကြောင်း၊ မိမိတို့ ကျေးရွာသူ/သားများသည် အဆိုပါ မြေများအပေါ် လုပ်ကိုင်စားသောက်ရန်အတွက်ကို မျှော်လင့်လျက်ရှိပါကြောင်း၊ အောင်ချမ်းသာကျေးရွာ၊ တာပြင်တွင်ပေါ်ထွန်းနေသော သောင်ထွန်းမြေများမှာ စည်ပင်သာယာ အပါအဝင် ယူထားသည့်မြေများသည် သတ်မှတ်ထားသော လိုင်စင်ချထားပေးသည့်အထက်ကို ပိုပြီးယူထားခြင်း ဖြစ်သည့်အတွက်ကြောင့် စစ်ဆေးပေးပါဆိုပြီး မိမိတို့ပြည်သူများကလည်း တိုင်ကြားထားခြင်း ရှိပါကြောင်း၊ မိမိတို့မြို့နယ် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး အစည်းအဝေးများတွင် စီမံခန့်ခွဲနေသည့် အရေးကိစ္စများကို ဆွေးနွေးသည့်အခါ စည်ပင်သာယာကနေပြီး လုပ်ပိုင်ခွင့်ယူထားသော မြေများ၏ စီမံခန့်ခွဲခြင်းနှင့် ပတ်သက်ပြီး မေးသောအခါ မိမိတို့မြို့နယ်တွင် တာဝန်ရှိသည့် သူတစ်ယောက်မှ မသိပါကြောင်း၊ ၎င်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကနေပြီး စီမံခန့်ခွဲခြင်းဆိုပြီး ပြောပါကြောင်း၊ သို့သော်လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ထုတ်လုပ်ရေးဌာနတွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း ၁၂ ခုမှာ ငါးနှစ်ဆက်တိုက် အရှုံးပေါ်နေသည့်အတွက် စာရင်းစစ်ချုပ်ရုံး၏ အစီရင်ခံစာထွက်လာသည့်အခါ အောင်းချမ်းသာမွေးမြူရေး ပုစွန်ကန်က အရှုံးကျပ်သန်း ၃၈.၄၀၈ သန်း ပေါ်သည်ကိုလည်း သိရပါကြောင်း၊ ထို့ကြောင့် ဒေသခံပြည်သူများကိုသာ လုပ်ပိုင်ခွင့်ပေးခဲ့မည်ဆိုလျှင် ဧက ၂၀၀ ခန့်ရှိသည့် ပုစွန်မွေးမြူရေးကန် တစ်ခုကို ခန့်မှန်းခြေအရပြောရမည်ဆိုလျှင် သဘာဝအတိုင်းတာ ပတ်ပြီးမှ ကုန်ကျစရိတ်က တာပတ်ခြင်းသာ ရှိပါကြောင်း၊ အဆိုပါမြေကို တာပတ်ပြီး သဘာဝအတိုင်း ပင်လယ်ရေကို သွင်းသည့်အခါ ၆ လခန့်ထားပြီဆိုလျှင် တစ်နေ့တစ်နေ့ကို ဖော်ရသည့် ပုစွန်က သိန်းကို ၁၀ ဂဏန်းခန့်ရရှိခြင်း ဖြစ်ပါကြောင်း၊ ယခုလို သီလဝါဇုန်ကိုသွားသည့် နေရာတွင်လည်း မွေးမြူရေးကန် ဧကရာချီ ယူထားပါကြောင်း၊ ယခု သောင်ထွန်းမြေပေါ်တွင်လည်း ဧက ၅၀၀ ယူထားပါကြောင်း၊ ပြည်သူအကျိုးအမြတ် အများကြီးရသည့် မြေများယူပြီးမှ လုပ်ပိုင်ခွင့်ယူထားခြင်း၊ နိုင်ငံတော် ဘဏ္ဍာထဲကို စီးဝင်သွားမည်ဆိုလျှင် ရန်ကုန်မြို့တော်သူ/သားများ၏ ဖွံ့ဖြိုးတိုးတက်ရေး အတွက်ဆိုလျှင် ဒေသခံများလည်း အင်မတန်ကို ကျေနပ်အားရပါကြောင်း၊ ယခုလိုမျိုး ငါးနှစ် ဆက်တိုက် အရှုံးပေါ်နေမည်ဆိုလျှင် မိမိတို့ပြည်သူကို ပြန်ပေးရန် စီမံခန့်ခွဲပေးဖို့လည်း တောင်းဆိုပါကြောင်း၊ ထို့ကြောင့် ပြည်သူများကိုယ်စား အဆိုပါ မြေများအပေါ် စီမံခန့်ခွဲပြီး အကျိုးအမြတ်ရအောင် ဆောင်ရွက်စီမံခန့်ခွဲမှုအပေါ် မည်ကဲ့သို့ ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။