(က)-တနင်္သာရီမြို့နယ်၊ မောတောင်မြို့နယ်ခွဲရှိ မြန်မာ-ထိုင်းကုန်သွယ်ရေး နယ်စပ်ဂိတ်စခန်းအား ယာယီအထူးဂိတ်စခန်းအဖြစ်မှ အမြဲတမ်းကုန်သွယ်မှုဂိတ်စခန်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မြိတ်ခရိုင်အတွင်းရှိ ရေထွက်ကုန်ပစ္စည်းများ တင်ပို့မှုသည် နေ့စဉ်အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် ရရှိပါကြောင်း၊ သို့ရာတွင် အဓိကဖြစ်သော မဟာချိုင်ဈေးကွက်သို့ရောက်ရှိရန် မြိတ်မြို့မှ ကော့သောင်း၊ ၎င်းမှတစ်ဆင့် ရေလမ်း၊ ကုန်းလမ်းဖြင့် တင်ပို့ရာတွင် ၃၂ နာရီခန့် ကြာမြင့်ခြင်း၊ အကယ်၍ မောတောင်မှတရားဝင် တင်ပို့နိုင်မည်ဆိုပါက ရှစ်နာရီခန့်သာ ကြာမြင့်မည်ဖြစ်၍ သယ်ယူ ပို့ဆောင်ခစရိတ်များစွာ သက်သာမည့်အပြင် ကုန်ပစ္စည်းအရည်အသွေးကိုလည်း ထိရောက်စွာ ထိန်းသိမ်းသွားနိုင်မည်ဖြစ်၍ အကျိုးများစွာ ဖြစ်ထွန်းနိုင်စေမည် ဖြစ်ခြင်းတို့ကြောင့် လည်းကောင်း၊ မြိတ်ကျွန်းစုမှ ရေထွက်ကုန်ပစ္စည်းများ ကော့သောင်းသို့ မရောက်မီ လမ်းခရီးတွင် တရားမဝင် ရောင်းချမှုများကြောင့်လည်းကောင်း၊ လှေ၊ သင်္ဘောဖြင့် သယ်ဆောင်သည့် ရေထွက်ကုန်ပစ္စည်းများ၏ ခန့်မှန်းကုန်ချိန် တန်ဖိုးကိုသာ အခွန်ကောက်ခံနိုင်ခြင်းတို့ကြောင့် လည်းကောင်း၊ ရသင့်ရထိုက်သည့် အခွန်အခများ၊ နစ်နာဆုံးရှုံးမှုများကို ထိရောက်စွာကာကွယ် တားဆီးနိုင်မည် ဖြစ်ပါကြောင်း၊ ၎င်းအပြင် ထိုင်းနိုင်ငံရှိ နေ့စဉ်ကမ္ဘာလှည့်ခရီးသည်များ ခုနစ်သန်းခန့် လာရောက်လည်ပတ်နေသည့် ဝါဟင်းမြို့သို့ ပင်လယ်ကမ်းခြေစခန်းမှ မောတောင်နယ်စပ် ကုန်သွယ်ရေးစခန်းသို့ တစ်နာရီခွဲခန့်တွင် ရောက်ရှိလာနိုင်မည်ဖြစ်ရာ အမြဲတမ်းကုန်သွယ်မှုစခန်းအဖြစ် အဆင့်တိုးမြှင့်ပြီးပါက ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များ၊ မြိတ်ကျွန်းစု၏ သဘာဝပင်လယ်ကမ်းခြေ၊ တောတောင်ရေမြေများ၊ ရှုခင်းအလှအပ များရှိရာ မြိတ်ခရိုင်အတွင်းသို့ ကမ္ဘာလှည့်ခရီးသည်များ အလွယ်တကူအမြောက်အမြား လည်ပတ် နိုင်မည်ဖြစ်ရာ မြိတ်ခရိုင်ဒေသ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ထူးခြားစွာ အကျိုးဖြစ်ထွန်းနိုင်မည် ဖြစ်ပါကြောင်း၊ သို့ပါ၍ အဆိုပါမောတောင်ရှိ ယာယီနယ်စပ် ကုန်သွယ်ရေး အထူးစခန်းအား တရားဝင်အမြဲတမ်း ကုန်သွယ်ရေးစခန်းအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိမည်ဆိုပါက မည်သည့်အချိန်တွင် တိုးမြှင့်ပေးမည်နှင့် မရှိပါက မည်သည့် အတွက်ကြောင့် ဆိုသည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။