(ခ)-ဝိုင်းမော်မြို့နယ်ရှိကန်ပိုင်တီနယ်စပ်ကုန်သွယ်ရေးစခန်းရုံးကို ဝန်ဆောင်မှုပိုပေးနိုင်ရန်အတွက် အခြေခံအဆောက်အဦများ၊ယာဉ်ကြီးရပ်နားစခန်း၊ကုန်သိုလှောင်ရုံများ၊ကတ္တားများ၊စစ်ဆေးကိရိယာ(X-Ray)စသည်တို့ကိုတိုးမြှင့်တည်ဆောက်ရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွ

2020-12-29

 

ဝိုင်းမော်မြို့နယ်ရှိ ကန်ပိုင်တီနယ်စပ်ကုန်သွယ်ရေး စခန်းရုံးကို လက်ရှိထက်ဝန်ဆောင်မှု ပေးနိုင်ရန်အတွက် လိုအပ်သော အခြေခံအဆောက် အဦများ၊ ဝန်ထမ်းအိမ်ရာများ၊ ကုန်တင်ယာဉ်ကြီးများ ရပ်နားစခန်း၊ ကုန်သိုလှောင်ရုံများ၊ ကတ္တားများ၊ စစ်ဆေးကိရိယာ (X-Ray) စသည်ဖြင့် အခြား လိုအပ်သည်များကို တိုးမြှင့် တည်ဆောက်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

 

ဝိုင်းမော်မြို့နယ် ကန်ပိုင်တီရှိ နယ်စပ်ကုန်သွယ်ရေးစခန်းမှာ နှစ်ရှည်ချီကြာမြင့်ပြီးဖြစ်ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံနယ်စပ်ကြား ဖြတ်ကူးသွားလာနေသော မဟာလမ်းမကြီးလည်း ဖြစ်ပါကြောင်း၊ ဝိုင်းမော်မြို့နယ် ကန်ပိုင်တီရှိ နယ်စပ်ကုန်သွယ်ရေးစခန်းတွင် အဆောင်တစ်ဆောင်သာ ရှိပါကြောင်း၊ စစ်ဆေးရေးဂိတ်ရှိ ကတ္တားချိန်သည့်နေရာ ရှိသော်လည်း လက်ရှိအခြေအနေမှာ ကတ္တားချိန်ခြင်း မရှိသည့်အပြင် မျက်မှန်းတန်းကောက်ခံနေသည်ကို တွေ့ရပါကြောင်း၊ တရုတ်ပြည်မှ မိမိတို့နိုင်ငံကို ဝင်ရောက်လာမည့် ငှက်ပျောသယ်ဆောင်ရန် ဝင်ရောက်လာမည့် တရုတ်ကုန်ကားကြီးများ ရှိပါကြောင်း၊ မိမိတို့နိုင်ငံနှင့် တရုတ်ပြည် ချိတ်ဆက်ထားသည့် အဝင်/အထွက်လမ်းတောင်ကို ဖောက်ထားသည့် ဥမင်လှိုင်ခေါင်း လမ်းဖြစ်ပါကြောင်း၊ တရုတ်ပြည်နယ်စပ်ရှိ ဟူရှောင်ဂိတ်၏အရှေ့တွင် ကူယုံးဂိတ် ရှိပါကြောင်း၊ ကူယုံးဂိတ်တွင် ကုန်တင်ကုန်ချများလုပ်ပြီး ကုန်ဖလှယ်ကြောင်း၊ ကုန်တင်ယာဉ်များ ရပ်နားနိုင်သော နေရာများ သေချာစီမံဆောင်ရွက် ထားရှိပါကြောင်း၊ ဟူရှောင်ဂိတ်မဝင်ခင် ညာဘက် မီတာ ၃၀၀ အလိုတွင် တရုတ်နိုင်ငံထဲက သွားသောကားများကို ပိုးသတ်ဆေးဖြန်းပါကြောင်း၊ ဟူရှောင်ဂိတ်၏ ညာဘက်တွင် တောင်များကိုဖြတ်ပြီး တရုတ်အစိုးရအနေဖြင့် ကုန်သွယ်ရေးဇုန် ကြီးကြီးမားမား စီမံကိန်းချ၍ ဆောင်ရွက်နေကြောင်း၊       

သို့ဖြစ်၍ နိုင်ငံ၏ နယ်စပ်ဂိတ်သည် အလွန်အားနည်းနေသည်ကို တွေ့ရှိရပါကြောင်း၊ နယ်စပ်ဂိတ်တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအတွက် နေထိုင်မည့်အိမ်ရာ ထိုင်ခင်းများလည်း အခက်အခဲ ရှိသလို ကားဝင်/ထွက်ဂိတ်တွင်လည်း စစ်ဆေးရန်အတွက် တိကျမှန်ကန်သော စစ်ဆေးမှုမရှိသည်ကို တွေ့ရှိရပါကြောင်း၊ မည်သို့သောအဖိုးတန် ပစ္စည်းရတနာများ ကိုယ့်နယ်ထဲက ပါသွားမှန်းလည်းမသိ၊ သူ့နိုင်ငံထဲက မူးယစ်ဆေးဝါးကအစ တခြားသောမစားသုံးသင့်သည့် ကုန်ပစ္စည်းများ ဝင်လာမှန်းလည်းမသိ သေချာစစ်ဆေးနိုင်ခြင်း မရှိသည့်အတွက် ၎င်းနေရာတွင် သေချာစစ်ဆေးနိုင်မည့် X-Ray စက်မျိုးများ မှန်မှန်ကန်ကန် တိကျစွာစစ်ဆေးပေးနိုင်မည့် စက်ကိရိယာများ လိုအပ်နေပါကြောင်း၊ ထို့ပြင် ကုန်ဖလှယ်ရန်အတွက် ဆိုလျှင်လည်း မိမိတို့နိုင်ငံတွင် ကုန်ဖလှယ်မည့်နေရာများ၊ ကုန်သိုလှောင်ရုံ များလည်းမရှိပါကြောင်း၊ ကုန်ဖလှယ်မည့်နေရာများ၊ ကုန်သိုလှောင်ရုံ ရှိမှသာလျှင် ကိုယ့်ပြည်တွင်းထဲက ကားရော၊ ပြည်ပကကားရော ဖလှယ်ကြပြီးမှ ပြည်တွင်းထဲကကားများပါ၊ ပြည်တွင်းထဲက အလုပ်သမားများပါ အလုပ်အကိုင်အခွင့်အလမ်း ရရှိမည်ဖြစ်ပါကြောင်း၊

ကတ္တား၊ ကတ္တားလည်းမရှိပါကြောင်း၊ အခွန်ကောက်သောအခါမှာ ဒီတိုင်းမျက်မှန်းတန်းပြီး ကောက်နေကြသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် တိကျသေချာသည့် အခွန် ရရှိမှာမဟုတ်ပါကြောင်း၊ လူလာကြည့်ပြီးမှဖြတ်ကြကြောင်း၊ ၎င်းမှာ အဆင်မပြေပါကြောင်း၊ တိကျသေချာသောအခွန် ရရှိရန် လိုပါကြောင်း၊ ထို့ပြင် လက်ရှိအခြေအနေမှာ တရုတ်လူမျိုးများက မိမိတို့ ဝိုင်းမော်၊ မြစ်ကြီးနား၊ မန္တလေး၊ ရန်ကုန်ထိဆင်းပါကြောင်း၊ နောင်တွင် ဤပြဿနာလည်း ထို့ထက်မကြီးလာနိုင်ဟု မဆိုနိုင်ပါကြောင်း၊ ထို့ကြောင့် ၎င်းပြဿနာများကိုလည်း ကြိုတင်ကာကွယ်ရန် လိုပါကြောင်း၊ ပြီးလျှင် ကုန်တင်ကားများ ကိုလည်း ဝိုင်းမော်မြို့အထိ ဆင်းရန်မဖြစ်ဘဲ နယ်စပ်ဂိတ်မှာပင် Change ရန် လိုပါကြောင်း၊ ဂိတ်ကို ပြန်စစ်ရန်အတွက် ဝါးရှောင်လမ်းခွဲတွင် လမ်းခွရှိပါကြောင်း၊ လမ်းခွတွင် စစ်ဆေးရေးဂိတ် နောက်တစ်ခု ပြန်ထိုင်ပြီးမှ ပြန်စစ်ဆေးရန် လိုအပ်နေခြင်းဖြစ်ပါကြောင်း၊ ဤသို့ ပြည့်စုံအောင် လိုအပ်သော အရာများအားလုံး ပြည့်ပြည့်စုံစုံ တည်ဆောက်ပေးမည်ဆိုပါက မိမိတို့နိုင်ငံလည်း ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သလို ပြည်သူပြည်သားအားလုံးလည်း အလုပ်အကိုင်အခွင့်အလမ်း ရရှိနိုင်မည် ဖြစ်သည့်အတွက် ဝိုင်းမော်မြို့နယ်ရှိ ကန်ပိုင်တီနယ်စပ် ကုန်သွယ်ရေးစခန်းရုံးကို လက်ရှိထက်ဝန်ဆောင်မှု ပေးနိုင်ရန်အတွက် လိုအပ်သော အခြေခံအဆောက်အဦများ၊ ဝန်ထမ်းအိမ်ရာများ၊ ကုန်တင်ယာဉ်ကြီးများ ရပ်နားစခန်း၊ ကုန်သိုလှောင်ရုံများ၊ ကတ္တားများ၊ စစ်ဆေးကိရိယာ (X-Ray) စသည်ဖြင့် အခြားလိုအပ်သည်များကို တိုးမြှင့်တည်ဆောက်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။