(ဂ)-ဆန်စက်များမှ ဘေးထွက်ပစ္စည်းများအဖြစ် ထွက်ရှိလာသော ဖွဲနုကို အကျိုးရှိအောင် သုံးစွဲရန် မည်သို့ စီစဉ်ထားပြီး ဖွဲနုဆီစက်အသစ်များ တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ တို့နှင့်စပ်လျဉ်းသည့် မေးခွန်း
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အတွက် ဆန်စပါးကို အဓိကထားပါကြောင်း၊ ASEAN Agriculture Community Out load 2018 ဇယားတွင် ဆန်စပါးထုတ်လုပ်မှုသည် ၂၀၁၆ ခုနှစ်၊ ၂၀၁၇ ခုနှစ်တွင် ၂၇ သန်းခန့်ရှိပြီး ၂၀၁၈ ခုနှစ်တွင် ၂၉ သန်းခွဲနီးပါး ရှိနေပါကြောင်း၊ ၂၉ သန်းခွဲခန့် ဆန်စပါးကို ကြိတ်ခွဲလိုက်သည့်အခါ ဖွဲနုများရရှိပါကြောင်း၊ ဖွဲနုဆီစက်များတည်လိုက်ပါက ဖွဲနုဆီများ ရရှိလာမည် ဖြစ်ပါကြောင်း၊ သို့သော် ယခု ဖွဲနုဆီများကို နိုင်ငံခြားမှမြန်မာပြည်ထဲကို ပြန်လည် တင်သွင်းနေပါကြောင်း၊ ဖွဲနုဆီတွင်ကောင်းကျိုးများစွာ ရှိပါကြောင်း၊ Antioxidant ပါရှိသည့်အတွက် အရွယ်တင်နုပျို စေပါကြောင်း၊ Vitamin E ပါရှိသည့်အတွက်လည်း အသားရည်လှပစေပါကြောင်း၊ B Vitamins များပါရှိသည့်အတွက် စွမ်းဆောင်ရည် မြင့်ပါကြောင်း၊ Essential Fatty Acid ပါသည့် အတွက် အဓိကလိုအပ်သော အဆီများပါဝင်ပါကြောင်း၊ Phytosterols ဆိုသည့် ဓာတ်ပစ္စည်းပါသည့် အတွက် သွေးချိုဆီးချိုကိုလည်း ထိန်းညှိပေးပါကြောင်း၊ အမျိုးသားများအတွက်ဆိုလျှင် Prostate Health ဟုခေါ်သည့် Prostate ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါကြောင်း၊ Cholesterol Metabolism ကို ထိန်းညှိပေးသည့်အတွက် ကိုယ်အဆီထိန်းညှိပေးပါကြောင်း၊ မကောင်းသည့် LDL ဟုခေါ်သောအဆီများကို လျော့ချပေးသည့်အတွက် အသည်းအဆီဖုံးသူများ၊ အဝလွန်သူများ သုံးသင့်ပါကြောင်း၊ Omega 3 ၊ Omega 6 ၊ Omega 9 တို့ပါရှိသည့်အတွက် ဉာဏ်ရည်ဖွံ့ဖြိုးမှု ကိုလည်း အထောက်အကူပြုပါကြောင်း၊ Various Phytonutrients များပါသည့်အတွက် Disease Prevention ရောဂါများကို ကာကွယ်ပေးပါကြောင်း၊ ဖွဲနုများကို အဆီထုတ်လိုက်ပါက ဖွဲနုဆီ ရပါကြောင်း၊ ဖွဲနုဆီထုတ်ပြီးသားအဖတ်ကလည်း တာရှည်ခံပါကြောင်း၊ ဖွဲနုဆီမထုတ်ပါက ကြာရှည် မခံသော်လည်း ဖွဲနုဆီထုတ်ထားသည့်အခါ ဖွဲနုကကြာရှည်ခံပါကြောင်း၊ နွားစာ၊ ဝက်စာ၊ ကြက်စာ၊ ခွေးစာ၊ ကြောင်စာ၊ ငါးစာစသည်များတွင် ရောစပ်အသုံးပြု၍ရပါကြောင်း၊
၁၉၆၀ ခုနှစ်ခန့်ကတည်းက သာကေတစိန်ကျော်၊ မဟာကောက်ပဲသီးနှံဖွဲနုဆီစက်၊ သင်္ဃန်းကျွန်းတို့တွင် ရှိပါကြောင်း၊ ၁၉၆၂ ခုနှစ်တွင်လည်း ပေါင်းတည်၊ ဟင်္သာတ၊ စစ်တွေ၊ လက်ပံတန်း၊ မော်လမြိုင်၊ အင်းစိန်၊ ညောင်လေးပင်၊ ပဲခူး၊ လှိုင်တို့တွင် ရှိပါကြောင်း၊ နောက်ပိုင်းတွင် ကျောက်တန်း၊ ဖျာပုံ၊ ကျိုက်လတ်၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ဇီးကုန်း၊ ဖြူး၊ မြောင်းမြတို့တွင် ရှိပါကြောင်း၊ ၂၀၀၂ ခုနှစ် ကျောက်ဆည်တွင် တည်သည်မှာ နောက်ဆုံးဖြစ်ပါကြောင်း၊ ဖွဲနုဆီစက် ဝန်ထမ်းများကလည်း ၎င်းအလုပ်အပေါ်တွင် များစွာသံယောဇဉ် ရှိပါကြောင်း၊ ယခုအထိလည်း အချင်းချင်းဆက်သွယ် နေကြပါကြောင်း၊ ဖွဲနုဆီလုပ်ငန်းကိုလည်း အောင်မြင်အောင် ဆောင်ရွက်လိုသည့် ဆန္ဒများလည်း ရှိကြပါကြောင်း၊ ဖွဲနုဆီကောင်းရရန် ဖွဲနုကသန့်ရှင်းရမည်၊ လတ်ဆတ်ရမည်၊ နည်းပညာအမြင့်ကိုလည်း သုံးရမည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ဖွဲနုဆီကို ထုတ်နိုင်မည်ဆိုပါက ဖွဲနုများကို တိရစ္ဆာန်အစာများအတွက်လည်း ကြာရှည်အသုံးခံနိုင်မည် ဖြစ်ပါကြောင်း၊ ဖွဲနုဆီသည် ကျန်းမာရေးနှင့်ကိုက်ညီသည့်အတွက် လူများကိုလည်း အထောက်အကူ ဖြစ်မည့်အပြင် နိုင်ငံခြားမှဝင်လာနေသော ဖွဲနုဆီကိုလည်း ဟန့်တားရာရောက်သည့်အတွက် နိုင်ငံမှ ပြင်ပကိုထွက်သော နိုင်ငံခြားငွေလည်း လျော့ကျသွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဖွဲနုဆီစက်အသစ်များ တည်ဆောက်ရန် အစီအစဉ်ရှိ/မရှိကို သိလိုပါကြောင်း မေးမြန်းပါသည်။