(ဃ)-ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာ ကမ်းပြိုမှုအန္တရာယ်အား တားဆီးကာကွယ်ရန် ထိရောက် သည့် နည်းလမ်းများကို စနစ်တကျ သုတေသနပြုဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း
မိမိတို့ကျောက်တော်မြို့နယ်တွင် အပေါက်ဝဆိုသည့် ရွာကြီးတစ်ရွာရှိပါကြောင်း၊ အိမ်ခြေ ၁၀၀၀ ကျော်နှင့် လူဦးရေ ၅၀၀၀ ကျော်ရှိကြောင်း၊ ရဲကင်းများ၊ တိုက်နယ်ဆေးရုံများ၊ အထက်တန်းကျောင်း များနှင့် ရန်ကုန်-စစ်တွေ ကားလမ်းမကြီးဘေးက အလွန်စည်ကားသည့် ကျေးရွာကြီးတစ်ရွာ ဖြစ်ပါ ကြောင်း၊ ကုလားတန်မြစ်၏ ကမ်းနားဖူးတွင်တည်ရှိသည့်အတွက် အနီးနားကျေးရွာများ၏ ကူးသန်း ရောင်းဝယ်သည့် အဓိကဈေးကွက်ကြီးတစ်ခုလည်း ဖြစ်ပါကြောင်း၊ ကျောက်တော်မြို့နယ် ကုလားတန်မြစ် တစ်လျှောက်တွင် မြစ်ရေတိုက်စားမှုကို ဆိုးဆိုးရွားရွားခံနေရသည့် ကျေးရွာတစ်ရွာလည်း ဖြစ်ပါကြောင်း၊ နှစ်စဉ်မြစ်ရေတိုက်စားမှုကြောင့် အိမ်ခြေတန်းများ၊ ဈေးတန်းများ၊ ရွာလမ်းများ အများစုသည် မြစ်ရေနှင့်အတူ မျောပါနစ်မြုပ်ခဲ့ရသည်မှာ နှစ်စဉ်နှင့်အမျှ ဖြစ်ပါကြောင်း၊ ၎င်းအခြေအနေများအပေါ် နိုင်ငံတော်က ကမ်းထိန်းနံရံများ လုပ်ပါကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ပါဝင်ပါကြောင်း၊ မိမိတို့လုပ်ဆောင်သည့်အခါ အဆိုပါကမ်းထိန်းနံရံများက တည်ဆောက်သည့်နှစ်တွင် တချို့နံရံများပြန်လည်ပြိုကျ သွားပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ထပ်မံထည့်သွင်း၊ ထပ်မံလုပ်၊ ထပ်မံပြိုပါကြောင်း၊ ၂၀၁၇-၁၈ ခုနှစ်တွင် လုပ်ဆောင်ပါကြောင်း၊ လတ်တလောအထိလည်း ကမ်းပြိုသည့်ဒဏ်ကို ရွာသားများက ဆိုးဆိုးရွားရွား ခံနေကြရပါကြောင်း၊ ရေကျသွားသည့်အခါ ကမ်းထိန်းနံရံများ၏ အောက်ခြေများကို မြင်နေရပါကြောင်း၊ ရေအရင်းအမြစ်နှင့် ပတ်သက်ပြီး မိမိတို့က ကျွမ်းကျင်သူများ မဟုတ်ပါကြောင်း၊ မိမိတို့ Option တစ်ခုအနေဖြင့် ရေလမ်းကြောင်းကိုလွှဲမည့် တူးမြောင်းတစ်ခုခုတူးလျှင် ဖြစ်နိုင်မလားကို စဉ်းစားကြည့်ပါကြောင်း၊ ၎င်းထက်ကောင်းမွန်သည့် နည်းလမ်းများလည်း ရှိကောင်းရှိနိုင်ပါကြောင်း၊ သေချာသည့်တစ်ချက်က နှစ်စဉ်လိုလိုကြေကွဲစရာ၊ တကယ့်ကို ထိတ်လန့်စရာကောင်းသော ကမ်းပြိုမှုများကို ရွာသားများက ခံစားနေရပါကြောင်း၊ နိုင်ငံတော်ကလည်း ဘတ်ဂျက်များချပေးပါကြောင်း၊ အမှန်တကယ်အောက်ခြေတွင် Effective ဖြစ်သည့် အခြေအနေ မရှိသည်မှာ တစ်စုံတစ်ခု လွဲချော်နေပါကြောင်း၊ သေချာစွာသုတေသနလုပ်ပြီး နိုင်ငံတော်၏ ဘတ်ဂျက်များကိုလည်း ပြည်သူကိုအကျိုးရှိရှိ ခံစား၍ရအောင် နှစ်စဉ်လိုလိုစိုးရိမ်နေရသည့် ပြည်သူ များ၏ အိပ်မက်ဆိုးများကလည်း လွတ်ကင်းအောင် စနစ်တကျသုတေသနလုပ်ပြီး ဌာနကစီစဉ် ဆောင်ရွက်ပေးနိုင်မှု အခြေအနေ၊ ကမ်းပြိုမှုအန္တရာယ်ကို တားဆီးပေးနိုင်မှုအခြေအနေကောင်း တစ်ခုခုကို ပြုလုပ်ပေးစေလိုသော စေတနာဖြင့် ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာ ကမ်းပြိုမှုအန္တရာယ်အား တားဆီးကာကွယ်ရန် ထိရောက်သည့် နည်းလမ်းများကို စနစ်တကျ သုတေသနပြု ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။