(ဃ)-ကန်ပက်လက်မြို့နယ်အတွင်းရှိ မကြားအိမ်နူး၊ လုံအိမ်နူး၊ အောက်ကန့်၊ လဲပုံကျေးရွာအုပ်စုများရှိ ကျေးလက်ကျန်းမာရေးဌာနခွဲများအား ကျေးလက်ကျန်းမာရေးဌာနအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-29

 

တိုင်းရင်းသားပြည်နယ်များတွင် မိမိတို့ချင်းပြည်နယ်သည် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ပညာရေး၊ ကျန်းမာရေးကဏ္ဍများ၌ အဖက်ဖက်က ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသော ပြည်နယ်ဖြစ်ပါကြောင်း၊ အထူးသဖြင့် ဝေးလံခက်ခဲသော ကျေးလက်ဒေသများတွင် နေထိုင်ကြသော ချင်းတိုင်းရင်းသား များအတွက် အခြေခံကျန်းမာရေး စောင့်ရှောက်မှုများ ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ရန် အထူး လိုအပ်နေပါကြောင်း၊ တင်ပြမေးမြန်းချက်ပါ ကျေးရွာအုပ်စုများမှာ ကန်ပက်လက်မြို့နှင့် မိုင်ပေါင်းများစွာ ဝေးကွာပြီး သွားလာရခက်ခဲပါကြောင်း၊ ကျန်းမာရေးဌာနခွဲအဖြစ် ဖွင့်လှစ်ထားရှိပြီးဖြစ်သည့် ကျေးရွာများလည်း ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကျေးလက်ကျန်းမာရေး ဌာနအဆင့် Royal Health Center (RHC) တိုးမြှင့်ပေးရန် သတ်မှတ်မူဘောင်များ ကိုက်ညီမှုရှိမှသာ တိုးမြှင့်ပေးသည်ကို သဘောပေါက် နားလည်ပါကြောင်း၊ ဝေးလံခက်ခဲသော တိုင်းရင်းသား ဒေသများအတွက် လိုအပ်ချက်များကို ဖြေလျော့စဉ်းစားပေးပြီး ဝန်ကြီးဌာနအနေဖြင့် အဆင့်တိုးပေးနိုင်ရန် တင်ပြတောင်းခံရခြင်း ဖြစ်ပါကြောင်း၊

တင်ပြမေးမြန်းချက်ပါ မကြားအိမ်နူးအုပ်စုမှာ ကန်ပက်လက်မြို့ပေါ်နှင့် မိုင် ၁၀၀ ခန့်ဝေးကွာပြီး အုပ်စုကျန်းမာရေး ဌာနခွဲကို ဌာနအဆင့်တိုးမြှင့် ပေးမည်ဆိုပါက နီးစပ်ရာပလက်ဝမြို့နယ်က ကျေးရွာအချို့ အပါအဝင် ကျေးရွာပေါင်း ၁၀ ရွာခန့် အမှီပြုအားထားနိုင်မည် ဖြစ်ပါကြောင်း၊ လုံအိမ်နူး အုပ်စုက မြို့နှင့်မိုင်ပေါင်း ၇၅ မိုင်ကွာဝေးပြီး လုံအိမ်နူးအုပ်စု ဌာနခွဲကို ဌာနအဆင့်တိုးမြှင့် ပေးနိုင်မည်ဆိုပါက နီးစပ်ရာကျေးရွာပေါင်း ၁၀ ရွာနှင့် လူဦးရေ ၂၀၀၀ ခန့်ကို အကျိုးပြုလွှမ်းခြုံပေးနိုင်မည် ဖြစ်ပါကြောင်း၊ အောက်ကန့်အုပ်စု ဆိုလျှင်လည်း မြို့နှင့် ၆၅ မိုင်ခန့်ဝေးကွာပြီး ကျန်းမာရေးဌာနအဆင့် တိုးမြှင့်ပေးနိုင်မည်ဆိုပါက နီးစပ်ရာကျေးရွာငါးရွာကို အကျိုးပြုလွှမ်းခြုံပေးနိုင်မည် ဖြစ်ပါကြောင်း၊ လဲပုံအုပ်စုကလည်း မြို့နှင့် ၆၅ မိုင်ခန့်ကွာဝေးပြီး ကျန်းမာရေးဌာနအဆင့်တိုးမြှင့် ပေးနိုင်မည်ဆိုလျှင် နီးစပ်ရာကျေးရွာ ငါးရွာခန့်ကို အကျိုးပြုပေးနိုင်မည် ဖြစ်ပါကြောင်း၊

ထို့ကြောင့် လမ်းပန်းဆက်သွယ်ရေး ဝေးလံခက်ခဲပြီး ချင်းတိုင်းရင်းသားကျေးလက်နေ ပြည်သူလူထု ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝ ရရှိခံစားနိုင်ရန်အတွက် မကြားအိမ်နူး၊ လုံအိမ်နူး၊ အောက်ကန့်၊ လဲပုံကျေးလက်ကျန်းမာရေး ဌာနခွဲများကို ကျေးလက်ကျန်းမာရေးဌာန (RHC) အဆင့်သို့ တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။