(င)-ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့(၂၅)ခုတင်ဆံ့ဆေးရုံ၌ ဆရာဝန်(၁)ဦး တိုးမြှင့်ခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-29

 

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ရှိ ၂၅ ခုတင်ဆံ့ ဆေးရုံတွင် ယနေ့တိုင်အောင် ဆရာဝန်တစ်ဦးသာ ရှိခဲ့ပါကြောင်း၊ ဘုရားသုံးဆူမြို့သည် နယ်စပ်မြို့ ဖြစ်ပြီး ကြာအင်းဆိပ်ကြီးမြို့နှင့် မိုင် ၆၀ ကျော်၊ သံဖြူဇရပ်မြို့နယ်နှင့် မိုင် ၇၀ ကျော်ဝေးကွာသည့် မြို့ဖြစ်ပါကြောင်း၊ ဘုရားသုံးဆူမြို့တွင် တစ်ဦးတည်းသော ဆရာဝန်သည် တစ်ခါတစ်ရံ သင်တန်းတက်ရောက်ခြင်း၊ တစ်ခါတစ်ရံ ကိုယ်ပိုင်ခွင့်ယူသည့်အခါ ဆေးရုံတွင် ဆရာဝန်မရှိခြင်းကြောင့် ထိုအချိန်၌ အရေးပေါ်လူနာ ရောက်ရှိလာပါက အနီးဆုံး မိုင် ၆၀ ကျော် ဝေးကွာသော ကြာအင်းဆိပ်ကြီးမြို့ကို သွားရောက်ရပါကြောင်း၊ တစ်ခါတစ်ရံ တိုက်တိုက်ဆိုင်ဆိုင် ရာဇဝတ်မှုဖြစ်ပြီး လူသေမှုဖြစ်သည့်အခါ အဆိုပါလူသေအလောင်းကြီးကို ဆရာဝန်ဆေးစစ်ချက် ရရန်အတွက် ကြာအင်းဆိပ်ကြီးမြို့အထိ သယ်ဆောင်သွားရပါကြောင်း၊ ဘုရားသုံးဆူမြို့သည် ယခုအခါ လူဦးရေများပြားလာသည်က တစ်ကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ဘုရားသုံးဆူဆေးရုံသို့ အတွင်းလူနာ တစ်ထောင်ကျော်၊ ပြင်ပလူနာ ကိုးထောင်ကျော်၊ မွေးလူနာ ၂၅၆ ဦး၊ ခွဲစိတ်လူနာ ၃၁ ဦးတို့ တက်ရောက်ကုသ နေပါကြောင်း၊ သို့ဖြစ်ပါ၍ ဘုရားသုံးဆူမြို့ (၂၅) ခုတင်ဆံ့ ဆေးရုံသို့ ဆရာဝန်တစ်ဦး တိုးမြှင့်ချထားပေးပါရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။