(ဃ)-ပင်စင်ဝန်ထမ်းများအကြား ရာထူးအဆင့်အလိုက် ပင်စင်ခံစားခွင့်ညီမျှမှုရှိစေရန်နှင့် သက်ကြီးရွယ်အို ပင်စင်စားများအား ၎င်းတို့၏ဆန္ဒအရ ပင်စင်အပြီးခံစားခွင့်ရှိစေရန် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း
တစ်နိုင်ငံလုံးအနေဖြင့် သတ်မှတ်ကာလတစ်ခုတွင် ပင်စင်စားအရေအတွက် စုစုပေါင်းထဲကမှ အသက် ၁၀၀ အထက် ပင်စင်စား၊ အသက် ၉၀ နှင့် ၁၀၀ ကြားပင်စင်စား၊ အသက် ၈၀ နှင့် ၉၀ ကြား ပင်စင်စား၊ အသက် ၇၀ နှင့် ၈၀ ကြား ပင်စင်စားများ၊ နောက် အသက် ၆၀ နှင့် ၇၀ ကြား စသည်ဖြင့် စာရင်းပြုစုပြီး အသက် ၈၀ နှင့်အထက် ပင်စင်စားများကို သင့်တင့်သည့် မျှော်မှန်းနှစ် သတ်မှတ်ပြီး ၎င်းတို့၏ ဆန္ဒအရ ပင်စင်အပြီးခံစားခွင့် ရရှိနိုင်အောင် ဆောင်ရွက်ပေးစေလိုပါကြောင်း၊
ပင်စင်ဥပဒေ၊ နိုင်ငံ့ဝန်ထမ်းဥပဒေများအရ ဝန်ထမ်းများအနေဖြင့် တစ်လုံးတစ်ခဲတည်း ခံစားခွင့်ဆိုသည့် အကြောင်းအရာ ပါရှိပါကြောင်း၊ ၎င်းမှော ပင်စင်လစာနှုန်းနှင့် ၅၀ ရာခိုင်နှုန်းကို အသက် ၈၀ နှစ်အထိသာ ထည့်သွင်းတွက်ချက် ထားသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ အမှန်တကယ် အသက် ၈၀ အထက် ပင်စင်စားကြီးများသည် တစ်ခေတ်တစ်ခါက အင်မတန်မှ အလုပ်ကိုရိုသေပြီး အားကတိကင်းစွာဖြင့် တိုင်းပြည်တာဝန်ကို ထမ်းဆောင်ခဲ့ကြသည့် သူများ ဖြစ်ကြပါကြောင်း၊ နိုင်ငံတော်မှ ချီးမြှင့်မှုများ၊ ပံ့ပိုးမှုများလည်း ၎င်းခေတ်မှာ အင်မတန်မှ နည်းပါးသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ယခုအခါ ၎င်းတို့၏ဘဝသည် သက်တမ်းအရ အလွန် အင်မတန်မှ နီးကပ်နေသည့်အချိန် ဖြစ်ပါကြောင်း၊ ယင်းပင်စင်စား သက်ကြီးရွယ်အိုများကို ပြည်သူများမှ အသိအမှတ်ပြု တန်ဖိုးထားရာလည်းရောက်၊ ကာယကံရှင်အနေဖြင့် မိမိလုပ်အား တန်ဖိုးနှင့် ကောင်းမှုကုသိုလ်ပြုနိုင်အောင်၊ ဆေးဝါးကုသမှု လိုအပ်သကဲ့သို့ အသုံးပြုနိုင်ရာ ရောက်သည့်အတွက် နိုင်ငံတော်အစိုးရကနေပြီး အသက် ၈၀ နှင့်အထက် ပင်စင်စားကြီးများကို အစီအစဉ်များ ရေးဆွဲပြီး ပင်စင်ကိုအပြီးခံစားခွင့် ပြုပေးနိုင်ရန် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ မေးမြန်းရခြင်း ဖြစ်ပါသည်။