(စ)-ချင်းပြည်နယ်၏ ငွေလုံးငွေရင်းဘဏ္ဍာငွေများကို မြို့နယ်တစ်မြို့နယ်ချင်းစီအလိုက် ခွဲဝေချထားရာတွင် မည်သည်‌့အချက်အလက်များကိုအခြေခံပြီး ခွဲဝေချထားပေးသည်ကို သိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း သည့်မေးခွန်း

2020-12-29

 

မိမိတို့လွှတ်တော်ကိုယ်စားလှယ် ဆိုတာက အဓိကတာဝန် သုံးရပ်ဖြစ်သည့် ဥပဒေပြုခြင်း၊ စောင့်ကြည့် ထိန်းကျောင်းခြင်းနှင့် ကိုယ်စားပြုခြင်း ဆိုသည့်တာဝန်ကို ထမ်းဆောင်ရပါကြောင်း၊ တစ်ဖက်တွင်လည်း တိုင်းပြည်အတွက် အရေးကြီးသည့် ဥပဒေများကိုပြုရသကဲ့သို့ တစ်ဖက်တွင်လည်း ပြည်သူနှင့်တိုက်ရိုက်အချိုးကျသည့် ကိုယ်စားပြုခြင်း တာဝန်ကို ထမ်းဆောင်ရပါကြောင်း၊ တစ်နည်းအားဖြင့် မိမိတို့လွှတ်တော်ကိုယ်စားလှယ်ဆိုတာ အစိုးရနှင့် ပြည်သူကြား ဆက်စပ်ပေးသော ပေါင်းကူးတံတားလေးများ ဖြစ်ပါကြောင်း၊ ထို့ကြောင့် လွှတ်တော်နားချိန် ပြည်သူ့အသံများကို ကွင်းဆင်းနားထောင်ပြီး ပြည်သူများ၏အသံကို လွှတ်တော်ထဲကို လာရောက်ပြီး တင်ပြဆွေးနွေးရခြင်း ဖြစ်ပါကြောင်း၊ ယနေ့ လွှတ်တော်တွင် မေးမြန်းသည့် မေးခွန်းကလည်း မိမိတို့ ပြည်သူများက မေးမြန်းခိုင်းသည့်အတွက် မိမိအနေဖြင့် မေးမြန်းခြင်းဖြစ်ပါကြောင်း၊

ချင်းပြည်နယ်တွင်ရှိသည့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ချင်းပြည်နယ် မြို့နယ်တစ်မြို့နယ် ချင်းအလိုက် ရသည့်ဘတ်ဂျက်မှာ ဟားခါးမြို့နယ်က ၃၄ ဘီလီယံ၊ ထန်ထလန်မြို့နယ်က ၁၇ ဘီလီယံခန့်နှင့် မတူပီမြို့နယ် က ၁၂ ဘီလီယံ၊ ဖလမ်းမြို့နယ်က ၁၀ ဘီလီယံ ရရှိပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင်လည်း ဟားခါး၊ ဖလမ်း၊ ထန်တလန်၊ မတူပီစသည့် မြို့နယ်လေးမြို့နယ် အများဆုံးရရှိပါကြောင်း၊ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လဘတ်ဂျက်တွင်လည်း  ဟားခါး၊ ဖလမ်း၊ ထန်တလန်၊ မတူပီ မြို့နယ်များသာ အများဆုံးရရှိကို တွေ့ရှိရပါကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင်လည်း အဆိုပါ မြို့နယ်များက ဘတ်ဂျက်အများဆုံးရသည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်ကို နှိုင်းယှဉ်ပြီး ကြည့်မည်ဆိုလျှင် ဟားခါးမြို့ရသည့် ဘတ်ဂျက်က ၃၄ ဘီလီယခန့် ရှိသည့်အတွက် ဟားခါးမြို့ရသည့်ဘတ်ဂျက်က ကန်ပက်လက်မြို့၊ တွန်းဇံမြို့ရသည့် ဘတ်ဂျက်ထက်ရှစ်ဆ နီးပါးခန့်ကွာပါကြောင်း၊ ပြောချင်တာက ဟားခါးမြို့တစ်နှစ် ရခြင်းသည် ကန်ပက်လက်မြို့၊ တွန်းဇံမြို့ ရှစ်နှစ်ရသည့် ဘတ်ဂျက်နှင့်ညီမျှနေပါကြောင်း၊

နောက်တစ်ခုက ထန်တလန်နှင့်မင်းတပ်ခရိုင် မြို့ဖြစ်ပါကြောင်း၊ ထန်တလန်မြို့ရသည့် ဘတ်ဂျက်သည် ခရိုင်မြို့တစ်ခုဖြစ်သည့် မင်းတပ်မြို့ရသည့် ဘတ်ဂျက်ထက် သုံးဆနီးပါးခန့် ကွာဟနေပါကြောင်း၊ ယခုလို မတူပီနှင့်တွန်းဇံကလည်း သုံးဆနီးပါးခန့် ဟနေသည်ကို တွေ့ရှိရပါကြောင်း၊ နောက် ခရိုင်မြို့နှစ်မြို့ဖြစ်သည့် ဖလမ်းခရိုင်နှင့် မင်းတပ်ခရိုင်တို့ဖြစ်ပါကြောင်း၊ ခရိုင်မြို့ချင်းအတူတူ မင်းတပ်ခရိုင်ထက် ဖလမ်းခရိုင်က နှစ်ဆနီးပါးများနေသည်ကို တွေ့ရှိရပါကြောင်း၊ ပြည်သူများကလည်း Social Media ပေါ်တွင် ၎င်း၏ ဘဏ္ဍငွေခွဲဝေမှုများကို မမျှတသည့်အတွက် ရေးပါကြောင်း၊ ဟားခါးမြို့ရသည့် ဘတ်ဂျက်သည် ကျန်သည့်မြို့နယ် ငါးမြို့နယ်ရသည့် ဘတ်ဂျက်နှင့် ညီနေသည်ဟုလည်း ပြည်သူများက မခံချိမခံသာရေးခြင်း ဖြစ်ပါကြောင်း၊ အကြည့်ရဆိုးသော ဘတ်ဂျက်ခွဲဝေမှုမျိုးကို မရှိရအောင် တာဝန်ရှိလူကြီးမင်းများအားလုံးကို အနူးအညွတ် တောင်းပန် ပါကြောင်းဟု Social Media က ရေးထားခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အဆိုပါကိစ္စအား သိရှိအောင် ယခုလို မေးမြန်းရခြင်းဖြစ်ပါသည်။

မိမိတို့ ၂၁ ပင်လုံညီလာခံကြီးကို မည်သည့်အတွက် ကျင်းပနေသည်ကို စဉ်းစားရန် လိုအပ်ပါကြောင်း၊ Power Sharing ၊ Resource Sharing ၊ Budget Sharing များ မမျှတခဲ့သည့် အတွက်ကြောင့်  ယနေ့ ၂၁ ငြိမ်းချမ်းရေးညီလာခံကြီး ကျင်းပနေသည်ဆိုတာ သတိမမေ့ရန် အရေးကြီးပါကြောင်း၊ မတိုးတက်ခြင်း၏ အကြောင်းသည် မငြိမ်းချမ်းခြင်းကြောင့် ဖြစ်ပါကြောင်း၊ မငြိမ်းချမ်းသည့် အကြောင်းကလည်း နောက်မှာမညီညွတ်ခြင်းများ ရှိပါကြောင်း၊ မညီညွတ်ခြင်း၏ နောက်ကွယ်တွင် မယုံကြည်ခြင်း ဖြစ်ပါကြောင်း၊ မယုံခြင်း၏ နောက်ကွယ်မှာ မမျှတခြင်းကြောင့် ဖြစ်ပါကြောင်း၊ ပြောချင်သည်က့ မမျှတခြင်းမှာ မယုံကြည်လျှင် မညီညွတ်ခြင်း၊ မညီညွတ်လျှင် မငြိမ်းချမ်းခြင်း၊ မငြိမ်းချမ်းလျှင် မတိုးတက်ခြင်းဆိုသည့် အချက်ကို မိမိတို့အမြဲတမ်း သတိမမေ့ရန် အရေးကြီးပါကြောင်း၊ ထို့ကြောင့် မဲဆန္ဒရှင်ပြည်သူများကိုယ်စား ဘဏ္ဍာငွေခွဲဝေမှုများက မည်သည့်အချက်အလက်ကို အခြေခံပြီး ခွဲဝေသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။