(က)-ဒိုက်ဦးမြို့နယ်တွင် ပြည်ထဲရေးအမည်မပေါက်သေးသော ကျေးရွာများအား ပြည်ထဲရေးအမည်ပေါက် ကျေးရွာအဖြစ် အမြန်ဆုံးဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည်‌့မေးခွန်း

2020-12-29

 

နိုင်ငံတစ်နိုင်ငံတွင် လူဦးရေတိုးတက်များပြားလာသည်နှင့်အမျှ ခေတ်နှင့်လျော်ညီအောင် နေရာဒေသ မြို့နယ်၊ မြို့ရပ်ကွက်/ကျေးရွာများကို ပြင်ဆင်ဖြည်‌့စွက် အသစ်ဖြည်‌့ဆည်းရန် လိုအပ်လာပါကြောင်း၊ မိမိတို့ ဥပဒေပြုရေးမဏ္ဍိုင်ကဲ့သို့ ခေတ်စနစ်နှင့်မလျော်ညီတော့သော ဥပဒေများကို ပြင်ဆင်ဖြည်‌့စွက် အသစ်ပြဋ္ဌာန်း၊ ပယ်ဖျက်ခြင်းများ လုပ်ဆောင်ကြရပါကြောင်း၊ ထို့အတူ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရအခန်း (၈) ပုဒ်မ ၃၅၅ တွင်ပါသည့် နိုင်ငံသားတိုင်းသည် ပြည်ထောင်စုသမ္မတ နိုင်ငံတော် အတွင်း မည်သည်‌့အရပ်ဒေသ၌မဆို ဥပဒေနှင့်အညီ အခြေစိုက်နေထိုင်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထား ပါကြောင်း၊ ထို့ကြောင့် မိမိတို့ ဒိုက်ဦးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုပေါင်း ၅၃ အုပ်စုရှိပြီး ကျေးရွာပေါင်း ၁၈၂ ရွာနှင့်ဖွဲ့စည်းခဲ့ပါကြောင်း၊ ဧရိယာအကျယ်အဝန်းအားဖြင့် ၄၉၇.၀၃ စတုရန်းမိုင်ရှိပြီး တောင်နှင့်မြောက် ၂၅ မိုင်၊ အရှေ့နှင့်အနောက် မိုင် ၃၀ ခန့်ကျယ်ဝန်းလှပါကြောင်း၊ လူဦးရေအားဖြင့် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အရ ၂၀၅၀၀၀ ကျော်နေထိုင်သော မြို့နယ်တစ်ခုလည်း ဖြစ်ပါကြောင်း၊

လွန်လေခဲ့ပြီးသော ဆယ်စုနှစ်ပေါင်းများစွာကတည်းက စာရင်းများဖြစ်၍ ယနေ့ပြည်သူ့အစိုးရလက်ထက် ဒီမိုကရေစီ နိုင်ငံတော်အသစ်ကို ထူထောင်နေချိန်တွင် တိုးတက်များပြားလာသောလူဦးရေ နိစ္စဓူဝ သွားလာလှုပ်ရှားနေသော ပြည်သူများ ယခင်ကထက်များပြားပြီး ကျေးရွာများလည်း ပိုမိုများပြား လာပါကြောင်း၊ မိမိတို့လွှတ်တော်အစည်းအဝေး နားရက်များ၌ ကွင်းဆင်းဆောင်ရွက်သည့်အခါ ကျေးရွာအမည်ပေါက်သေးသော ကျေးရွာများကိုပါမကျန် ကွင်းဆင်းဆောင်ရွက်သည့်အခါ အဆိုပါ ကျေးရွာ အမည်ပေါက်မရရှိသေးသည့်အတွက် နိုင်ငံတော်မှ ချမှတ်ပေးလိုက်သော ရပိုင်ခွင့် အခွင့်အလမ်းများ ဆုံးရှုံးနေရကြောင်း တင်ပြအပ်လိုပါကြောင်း၊ ဥပမာအားဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ပေးအပ်သော မြစိမ်းရောင်စီမံကိန်း၊ VDP Project များလည်းမရရှိခဲ့ပါကြောင်း၊ အချို့ကျေးရွာများတွင် အိမ်ခြေ ၂၀၀ ကျော်ရှိပြီး ယခုအချိန်အထိ နှစ်ပေါင်း ၅၀ ကျော်ကြာ ကျေးရွာအမည်ပေါက် မရရှိခဲ့ကြောင်း၊ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပ‌ဒေ အခန်း (၈) ပုဒ်မ ၃၄၇ အရ နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေးရှိစေရမည်။ ထို့အပြင် ဥပဒေအကာအကွယ်ကိုလည်း တန်းတူညီမျှရပိုင်ခွင့် ရှိစေရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊

ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့သော အုပ်ချုပ်ရေးတာဝန်ရှိသူများမှ လျစ်လျူရှုခဲ့ပါသလား၊ သို့မဟုတ် ကျေးရွာနေ ပြည်သူများမှ တင်ပြမှုအားနည်းလေခြင်းလား၊ ဒိုက်ဦးမြို့နယ်တွင် ကျေးရွာစာရင်း ကောက်နုတ်ချက်များအရ ပြည်ထဲရေးအမည်ပေါက် ကျေးရွာ ၂၇ ရွာ တွေ့ရှိခဲ့ရပါကြောင်း၊ အုပ်ချုပ်ရေး တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်တော်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူဌာနဆိုင်ရာများ ပူးပေါင်းပြီး လုပ်ဆောင်နိုင်ရန် အစည်းအဝေးဆုံးဖြတ်ချက် ချခဲ့ပါကြောင်း၊ ထို့ကြောင့် ပြည်ထဲရေး အမည်မပေါက်သေးသော ၂၇ ရွာအနက် ၁၇ ရွာသည် ကျေးရွာအမည် ပေါက်လုပ်ဆောင်ပေးရန် စည်းမျဉ်းနှင့်ကိုက်ညီပြီး ၁၀ ရွာမှာ ကိုက်ညီမှုမရှိခဲ့ပါကြောင်း၊ ကိုက်ညီမှုရှိခဲ့သော ကျေးရွာ ၁၇ ရွာများမှာ သိုက်တူးကုန်းကျေးရွာ၊ ဘိုတဲလေးကျေးရွာ၊ ဘိုတဲလေးရွာသစ်ကျေးရွာ၊ အောင်သုခ ကျေးရွာ၊ အေးသာယာကျေးရွာ၊ မအူပင်ရွာသစ်ကျေးရွာ၊ အုန်မြစ်စုကျေးရွာ၊ ဉာဏ်အင်းကျေးရွာ၊ အေးသာယာ ကျေးရွာ၊ နှင်းပုလဲကျေးရွာ၊ ဘိုင်းဒါးသစ်ကျေးရွာ၊ ကျားချောကျေးရွာ၊ ဂုံညင်းတန်း ကျေးရွာ၊ ပွဲကြီးကျေးရွာနှင့် အောင်သာယာကျေးရွာ၊ အောင်စိုးမိုးကျေးရွာနှင့် တောင်ကလေးကျေးရွာ တို့ဖြစ်ပါကြောင်း၊

၎င်းကျေးရွာများကို မေးခွန်းမှာပါရှိသည့်အတိုင်း ကျေးရွာအမည်ပေါက် အမြန်ဆုံးဆောင်ရွက်ပေးမည် ဆိုပါက ထိုးကျေးရွာများ၌နေထိုင်သော ဒေသခံပြည်သူများအနေဖြင့် အတိုင်းထက်အလွန် ဝမ်းသာပီတိ ဖြစ်ကြမည် ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် နှစ်ပေါင်းများစွာ လူ့အခွင့်အရေးများ ဆုံးရှုံးခဲ့ရသော သူတို့၏ လူမှုဘဝအထွေထွေကို လုံခြုံမှုပေးနိုင်သကဲ့သို့ ကယ်တင်ရာလည်း ရောက်ခဲ့ပါကြောင်း၊ ထို့ကြောင့် အဆိုပါကျေးရွာများအား ပြည်ထဲရေးအမည်ပေါက် ကျေးရွာအဖြစ် အမြန်ဆုံးဆောင်ရွက် ပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။