(ခ)-လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှု စိစစ်ရေးဗဟိုကော်မတီ၏မူဝါဒများမှ တပ်မြေသိမ်းဆည်းမှု မူဝါဒ(၃)ရပ်၊ စွန့်လွှတ်ခြင်းမရှိသည့်မြေများ စိစစ်ရန်အချက် (၇)ချက်၊ လမ်းညွှန်ချက်(၈)ရပ်တို့နှင့်အညီ ပြန်လည်စိစစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခ
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ၏ မူဝါဒ လုပ်ငန်းစဉ်ဆောင်ရွက်ရန်အချက်များမှ တပ်မြေသိမ်းဆည်းမှုများနှင့်စပ်လျဉ်း၍ မူဝါဒ(၃)ရပ်၊ စွန့်လွှတ်ခြင်းမရှိသည့် သိမ်းဆည်းမြေများနှင့်စပ်လျဉ်း၍ စိစစ်ရန်အချက် (၇)ချက်၊ သိမ်းဆည်းမြေများ၊ စွန့်လွှတ်မြေများဆိုင်ရာလမ်းညွှန်ချက်(၈)ရပ်တို့နှင့်အညီ ပြန်လည်စိစစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
သိန္နီမြို့နယ်၊ ပိန်းဆာကျေးရွာအုပ်စု၊ နောင်ဆိုင်ကျေးရွာနှင့် ရေပူကြီးစစ်ဆေးရေးဂိတ်ရှိ မြေနေရာ များကို သက်ဆိုင်ရာကျေးရွာပြည်သူလူထုက အစဉ်အဆက်မြေယာအဖြစ် စိုက်ပျိုးလုပ်ကိုင်ခဲ့ရာ အားထားလုပ်ကိုင်နေကြသော ယာမြေများကို အာမခံချက်ရှိရှိဖြင့် စိတ်ချမ်းသာစွာ ဆက်လက် လုပ်ကိုင်ဆောင်ရွက်နိုင်ရေး အတွက်လည်းကောင်း၊ လူနေမှုဘဝတိုးတက် မြင့်မားလာစေရန်အတွက် လည်းကောင်း၊ သက်ဆိုင်ရာက ဆက်လက်ကူညီဆောင်ရွက်ပေးမည့် အစီအစဉ်ကို သိရှိလိုပါကြောင်း ကြယ်ပွင့်ပြမေးခွန်းကို ၁၉-၁၀-၂၀၁၇ ရက်နေ့က ပြည်သူ့လွှတ်တော်ကို မေးမြန်းခဲ့ပါကြောင်း၊
မေးခွန်းဖြေကြားချက်ကို ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံးကစာဖြင့် ၁၉-၃-၂၀၁၈ ရက်နေ့ ရက်စွဲဖြင့် မြေ ၁၀၁.၁၁ ဧကကို အမှတ် (၉၁၂) စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်းအမည်ဖြင့် နှစ် ၃၀ စိုက်ပျိုး လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး ဖြစ်ကြောင်း၊ မြေ ၄.၈ ဧကကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနသို့ လွှဲပြောင်းပေးမည် ဖြစ်ပါကြောင်း၊ ကျန်မြေ ၉၆.၃ ဧကကို တပ်ရင်းတပ်ဖွဲ့မှ လုပ်ကိုင်စိုက်ပျိုး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖြေကြားခဲ့ပါကြောင်း၊
သို့ဖြစ်ပါ၍ မေးမြန်းလိုသည်မှာ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေးဗဟိုကော်မတီ၏ မူဝါဒလုပ်ငန်းစဉ် ဆောင်ရွက်ရန်အချက်များမှ (က) တပ်သိမ်းမြေများနှင့် စပ်လျဉ်းပြီး မူဝါဒ (၃) ရပ်၊ စွန့်လွှတ်ခြင်းမရှိသည့် သိမ်းဆည်းမြေနှင့် စပ်လျဉ်းပြီး အချက် (၇) ချက်၊ သိမ်းဆည်းမြေမှ စွန့်လွှတ်မြေများဆိုင်ရာ လမ်းညွှန်ချက် (၈) ချက်တို့နှင့်အညီ ပြန်လည် စိစစ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သနည်းနှင့် ရှိပါက မည်သည့် အချိန်တွင် ပြန်လည်စိစစ် ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။