(ဂ)-လှည်းကူးမြို့နယ်၊ ကျွန်းကုန်းကျေးရွာရှိ လယ်မြေ ၆၀၇.၇၅ ဧကကို နိုင်ငံပိုင်သတ်မှတ်လိုက်ကြောင်း အမိန့်ကြော်ငြာစာထုတ်ပြန်ခဲ့သည်မှာ (၂)နှစ်ခွဲကျော်ကြာမြင့်သည့်တိုင် ဆက်လက်စီမံခန့်ခွဲမှုမရှိပါသဖြင့် မည်သို့ဆောင်ရွက်မည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
လှည်းကူးမြို့နယ်၊ ကျွန်းကုန်းကျေးရွာရှိ လယ်မြေ ၆၀၇.၇၅ ဧကကို နိုင်ငံပိုင်မြေအဖြစ် သတ်မှတ်လိုက်ကြောင်း အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့သည်မှာ (၂)နှစ်ခွဲကျော်ကြာမြင့်သည့်တိုင် ဆက်လက်စီမံခန့်ခွဲမှုမရှိပါသဖြင့် မည်သို့ဆောင်ရွက်မည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
လှည်းကူးမြို့နယ်၊ ကျွန်းကုန်းကျေးရွာ မီးခိုးကန်ကွင်းရှိ လယ်မြေဧက ၆၀၇.၇၅ ကို ပြည်ထဲရေး ဝန်ကြီးဌာန၏ ၂၇-၆-၂၀၁၆ ရက်စွဲပါ အမိန့်ကြော်ငြာစာ (၁၅၇၆/၂၀၁၆) အရ နိုင်ငံတော်ကို ပြန်လည်အပ်နှံပြီး နိုင်ငံတော်ပိုင်မြေအဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ နိုင်ငံတော်ပိုင်မြေအဖြစ် သတ်မှတ်ခဲ့သည်မှာ သုံးနှစ်နီးပါးကြာမြင့်နေပြီ ဖြစ်သည့်အတွက် မည်သို့ဆက်လက် စီမံဆောင်ရွက် သွားမည်ကို သိရှိလိုပါကြောင်း၊ အဆိုပါမြေနှင့်ပတ်သက်ပြီး ၁၉၈၄ ခုနှစ် တာဝန်ကြေစပါး ပေးသွင်းရစဉ် ကာလက အဆိုပါ မီးခိုးကန်ကွင်းသည် ရေကြီးကွင်းဖြစ်သည့်အလျောက် စပါးအထွက် နည်းပါကြောင်း၊ တာဝန်ကျေစပါးကိုလည်း အပြည့်အဝပေးသွင်းခဲ့ရပါကြောင်း၊ နှစ်စဉ်လယ်ယာ လုပ်ငန်းအရှုံးပေါ်သည့်အတွက် လယ်ကွင်းကလည်း အလွန်ကျယ်သောကြောင့် နယ်မြေ လုံခြုံမှုကလည်း မရှိပါကြောင်း၊ ၎င်းလယ်သမားများက မိမိတို့၏ လယ်ယာလုပ်ငန်းကို မလုပ်ဘဲ စွန့်ပစ်မှုများ ရှိခဲ့ပါသောကြောင့် ထိုအချိန်က လယ်တစ်ဧကကို ကြက်တစ်ကောင်နှင့် လဲမည်ဆိုပါက လဲမည့်သူ မရှိကြောင်း သိရှိရပါသည်။ ၎င်းအချိန်တွင် လမ်းစဉ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိန်လွင်၏ ခရီးစဉ်တစ်ခုတွင် စပါးမစိုက်ဘဲ ပစ်ထားသည့်အခြေအနေကို တွေ့မြင်ရ၍ ရန်ကုန်တိုင်း အတွင်းရှိ တပ်ရင်း၊ တပ်ဖွဲ့များကိုခေါ်ပြီး စပါးစိုက်စေပါကြောင်း၊ ပထမပိုင်းတွင် တာဝန်ပေးခံရသည့် တပ်ရင်း၊ တပ်ဖွဲ့ ၂၁ ခုသည် ကိုယ်တိုင်လုပ်ခဲ့ကြသော်လည်း နောက်ပိုင်းစစ်တောင်းမြစ် ကမ်းပြိုသဖြင့် လယ်ယာမဲ့ဖြစ်နေသော ခရမ်းမြို့နယ်က လယ်သမားများကို ခေါ်ယူပြီး အချို့ကို သီးစား၊ အချို့ကို အကျိုးတူ၊ အချို့ကိုလယ်ယာ လုပ်သားအဖြစ် လုပ်ကိုင်စေခဲ့ပါကြောင်း၊ ၂၀၁၄ ခုနှစ် တာဝန်ယူ စိုက်ပျိုးလုပ်ကိုင်ကြသည့် တပ်ရင်း၊ တပ်ဖွဲ့များက လယ်ယာမြေကို ပြန်လည်စွန့်လွှတ်လိုက်ပါကြောင်း၊ စွန့်လွှတ်လိုက်သည့် လယ်မြေဧက ၆၀၇.၇၅ ဧကကို လယ်ယာလုပ်ကိုင်လိုသူ ဒေသခံလယ်သမား ၇၇ ဦး၊ တပ်ရင်း၊ တပ်ဖွဲ့များနှင့်အတူ ၁၀ နှစ်ကျော် လုပ်ကိုင်ခဲ့သော ဒေသခံမဟုတ် သူလယ်သမား ၄၁ ဦး အဖွဲ့သည် အပြိုင်အဆိုင် ပုံစံ-၇ ရယူရန် အဆင့်ဆင့်လျှောက်ထား ကြပါကြောင်း၊ ၃၁-၅-၂၀၁၅ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးခန်းမတွင် ဒေသခံအဖွဲ့ ၇၇ ဦးကို ယာယီလုပ်ပိုင်ခွင့် ပုံစံ-၃ ချပေးခဲ့ပါကြောင်း၊ ၎င်းတို့လယ်ယာ လုပ်ပိုင်ခွင့်ရရှိသည်နှင့် လယ်လုပ်ပိုင်ခွင့် ရရှိသူများသည် ကိုယ်လယ်ကွင်းများကိုဆင်းပြီး ၁၀ နှစ်ကျော် လယ်ကွင်းထဲတွင် အခြေချနေထိုင်ပြီး တပ်ရင်း၊ တပ်ဖွဲ့များနှင့်အတူ လုပ်ကိုင်စဉ်ကတည်းက ဆက်လက်လုပ်ကိုက်နေသော လုပ်မြဲလုပ်နေသည့် ၄၁ ဦးနှင့် ထိပ်တိုက်တွေ့ရပါကြောင်း၊ ပုံစံ -၇ ရရှိထားသူ ဒေသခံအဖွဲ့က အတင်းအဓမ္မလယ်ထဲကို လယ်ဆင်းထွန်ကြခြင်း၊ ဒေသခံမဟုတ်သည့် ၄၁ ဦးအဖွဲ့က လယ်ထဲ၎င်းတို့ထွန်ထားသော လယ်ထဲကို မျိုးစပါးများကြဲခြင်းများ ထိုအခါ ဒေသခံများက ပိုးသတ်ဆေးများ ကြဲချပါကြောင်း၊ အနီးနားရှိ လယ်ကွင်းနားတွင်နေနေသော ဒေသခံမဟုတ်သည့် ၄၁ ဦးအဖွဲ့များ၏ မွေးထားသည့် ဘဲများ သေကြပါကြောင်း၊ စပါးပေါ်ချိန်ရောက်လျှင်လည်း မှည့်လာသည့် စပါးများကို အလုအယက်ရိတ်ကြ ပါကြောင်း၊ ပြီးလျှင်လည်း ရုန်းရင်းဆန်ခတ်မှုများ ရှိနေပါကြောင်း၊ သက်ဆိုင်ရာဌာနများကလည်း မကြာခဏ ပြဿနာများကို ယခုတိုင် မငြိမ်းချမ်းသည့်အတွက် ဖြေရှင်းရပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၇-၆-၂၀၁၆ ရက်နေ့ အမိန့်ကြော်ငြာစာအရ ယင်းလယ်မြေ ၆၀၇.၇၅ ဧကကို နိုင်ငံတော်မြေအဖြစ် သတ်မှတ်လိုက်သော်ငြားလည်း ပြဿနာကို ဆုံးခန်းတိုင်အထိ ဖြေရှင်းပေးနိုင်မှု မရှိခြင်းကြောင့် မေးရခြင်းဖြစ်ပါသည်။ (၁) ယခု ပုံစံ-၇ လက်ဝယ်ကိုင်ထား သူများအနေဖြင့် ၂၀၁၂ လယ်ယာမြေဥပဒေအခန်း ၃ ပါ လယ်ယာ မြေလုပ်ပိုင်ခွင့် ဆုံးရှုံးသွားမှုရှိ/မရှိ သိလိုပါကြောင်း၊ (၂) မီးခိုးကန်ကွင်းထဲတွင် ယခုတိုင် အခြေချနေထိုင်ပြီး တပ်ရင်း၊ တပ်ဖွဲ့များနှင့်အတူ လယ်ယာလုပ်ကိုင် ခဲ့သူများကလည်း လယ်ယာမြေလုပ်ပိုင်ခွင့် ပြန်လည်ရလိမ့်နိုး စောင့်စားနေကြ သည့်အတွက် ၎င်းတို့၏ မျှော်လင့်ချက်အနေအထားကို သိရှိလိုကြောင်းနှင့် (၃) အဆိုပါ အချင်းဖြစ် မြေကို မည်သို့ဆက်လက် စီမံခန့်ခွဲဆောင်ရွက်မည်ကို တိကျစွာ သိရှိလိုပါကြောင်း မေးမြန်းပါသည်။