(စ)-လှိုင်မြို့နယ်ရှိဈေးများကို မြို့နယ်၏လိုအပ်ချက်များထည့်သွင်း၍ BOT၊ PPP စနစ်များဖြင့် အဆင့်မြှင့်တင်တည်ဆောက်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
လှိုင်မြို့နယ်သည် ရန်ကုန်မြို့၏ မြို့ပြဖွံ့ဖြိုးမှု စနစ်တကျ ပြန်လည်ဖွံ့ဖြိုး တိုးတက်ရေးနှင့် အဆင့်မြှင့်တင်ရေး ဧရိယာတွင်ပါဝင်သော မြို့နယ်ဖြစ်ပါကြောင်း၊ လှိုင်မြို့နယ်အတွင်း ဈေးပေါင်း ၉ ဈေးရှိပြီး ရန်ကုန်မြို့၏ အချက်အချာကျသည့် လမ်းမကြီးများပေါ် တည်ရှိလျက်ရှိပါကြောင်း၊ ရန်ကုန်-အင်းစိန် လမ်းမကြီးပေါ်တွင် လှိုင်ရတနာဈေး၊ ဘူတာရုံလမ်းမကြီးပေါ်တွင် လှိုင်သာယာဈေး၊ ရတနာမွန်ဈေးတို့ တည်ရှိပြီး ဘုရင့်နောင်လမ်းမကြီးပေါ်တွင် သီရိမင်္ဂလာဈေးနှင့် ရွှေပိတောက် ငါးဈေးတို့ တည်ရှိပါကြောင်း၊ အုတ်ကျင်းလမ်းမကြီးပေါ်တွင် အုတ်ကျင်းဈေးတည်ရှိပါကြောင်း၊ မိမိတို့ မြို့နယ်တွင် အများပြည်သူအသုံးပြုသည့် အများပိုင်ဧရိယာ Utility ဧရိယာများ များစွာလိုအပ်လျက် ရှိပါကြောင်း၊ မြို့နယ်အတွင်း ကားရပ်နားရန်အတွက်နေရာ ကားပါကင်ဧရိယာများ မြို့နယ်ခန်းမ၊ မြို့နယ်အားကစားရုံ၊ မြို့နယ်ဖူဆယ်ဘောလုံးကွင်း၊ မြို့နယ်ရေကူးကန်၊ မြို့နယ်ကလေးကစားကွင်း၊ မြို့နယ်ညဈေးတန်းများ လိုအပ်လျက်ရှိပါကြောင်း၊ ယခုအခါ တချို့ဈေးများသည် ပျက်စီးယိုယွင်း လျက်ရှိပြီး မြို့အင်္ဂါရပ်နှင့်ကိုက်ညီမှု မရှိသဖြင့် လှိုင်မြို့နယ်အတွင်းရှိ ဈေးများကို မြို့နယ်၏ လိုအပ်ချက်များ ထည့်သွင်းတည်ဆောက်ပြီး BOT၊ PPP စနစ်များဖြင့် အဆင့်မြှင့်တင်တည်ဆောက် သွားရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။