(ဆ)-ပွင်‌့ဖြူမြို့နယ်အတွင်းရှိ ကလေးသူငယ်ပြုစုပျိုးထောင်ရေးဌာနမှ ဆောင်ရွက်ခဲ့သော ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းများကို လွှဲပြောင်းလက်ခံရန် အစီအစဉ်ရှိ/မရှိနှင်‌့ စပ်လျဉ်းသည်‌့မေးခွန်း

2020-12-29

 

နိုင်ငံ၏တန်ဖိုးအရှိဆုံးက လူသားအရင်းအမြစ်သာ ဖြစ်ပါကြောင်း၊ ထို့ကြောင်‌့ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရန် အလွန်အရေးကြီးပါကြောင်း၊ သို့မှသာ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မည်ဖြစ်ပြီး ကလေး သူငယ်များအတွက် ရင်းနှီးမြှုပ်နှံမှုသည် နိုင်ငံ့အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုဖြစ်သည်ဟု ပညာရှင်များက ဆိုမိန့်ပါကြောင်း၊ မိမိ၏မဲဆန္ဒနယ်ဖြစ်သည့် ပွင်‌့ဖြူမြို့နယ်တွင် ကျေးရွာအုပ်စု ၅၂ အုပ်စု၊ ရပ်ကွက်လေးခုနှင်‌့ ကျေးရွာပေါင်း ၂၀၅ ရွာရှိပါကြောင်း၊ မိမိမြို့နယ်တွင် ကိုယ့်အားကိုယ်ကိုး မူကြို ကျောင်းပေါင်းမှာ ပွင်‌့ဖြူမြို့ပေါ်ရှိ မြို့မမူကြိုကျောင်းအပါအဝင် ကျောင်းပေါင်း ၈၀ ရှိပါကြောင်း၊ ၎င်းတို့အနက် ပုံမှန်လည်ပတ်နေသော ကျောင်း ၇၀ ခန့် ရှိပါကြောင်း၊ မလည်ပတ်နိုင်သော ကျောင်းပေါင်း ၁၀ ကျောင်းခန့်ရှိပါကြောင်း၊ အမှန်တကယ်ရန်ပုံငွေ တောင့်တင်းခိုင်မာပြီး လည်ပတ်နိုင်စွမ်းရှိသော ကျောင်းများ အလွန်နည်းပါးပါကြောင်း၊ ထိုကဲ့သို့လည်ပတ်နိုင်ရန် မိဘများက ကလေးများ၏လစဉ် ကျောင်းလခများပေးပြီး ရန်ပုံငွေများမတည်၊ ရပ်ထဲရွာထဲတွင် အတိုးများ ပေးချေးငှားပြီး ရပ်တည်နေသောကျောင်းများ ဖြစ်ပါကြောင်း၊ ဆရာ/မများလည်း ထိုက်သင်‌့သည့် လစာငွေကြေး မရရှိကြပါကြောင်း၊ အခြေခံပညာကျောင်းများတွင် အခမဲ့သင်ယူနေရသည့် အချိန်များတွင် ကလေးသူငယ်များ၏ ပညာရေးမှာ လခပေးပြီး သင်ကြားနေရပါကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း (၁) ပုဒ်မ ၂၈ ပုဒ်မခွဲ (က) တွင် နိုင်ငံတော်သည် ပြည်သူများ၏ ပညာရေးနှင်‌့ ကျန်းမာ‌ရေးတိုးတက် စေရေးတို့အတွက် အလေးထားဆောင်ရွက်ရမည်ဟု ပါရှိပြီးဖြစ်ပါကြောင်း၊

မိမိမြို့နယ်ရှိ ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းများ၏ မြေရာဇဝင်၊ မြေပိုင်ဆိုင်မှု အထောက်အထား များကို လက်ရှိလည်ပတ်နေသော ရန်ပုံငွေ၊ ကျောင်းကော်မတီ၏ သဘောထားများကို မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှတစ်ဆင်‌့ သက်ဆိုင်ရာဝန်ကြီးဌာနသို့ ပေးပို့ထားပြီး ဖြစ်ပါကြောင်း၊ စနစ်တကျလွှဲပြောင်း ပေးအပ်နိုင်ရန်လည်း စီစဉ်ပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍  နိုင်ငံတော်မှ လွှဲပြောင်း လက်ခံမည်ဆိုပါက လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးလာပြီး ဝန်ထုပ်ဝန်ပိုးပိနေသော ကလေး သူငယ်များ၏ မိဘများ၊ ဆရာ/မများ၊ ကျောင်းကော်မတီများ ပိုမိုအဆင်ပြေစေရန်အတွက် ပွင်‌့ဖြူမြို့နယ်အတွင်းရှိ ကလေးသူငယ်ပြုစု ပျိုးထောင်ရေးဌာနမှ ဆောင်ရွက်ခဲ့သော ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းများကို လွှဲပြောင်းလက်ခံရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။