(စ)-မင်းဘူး (စကု) မြို့နယ်ရှိ ဧရာဝတီမြစ်ရေနစ်ခြင်းကြောင့် မြစ်ရေကြီးချိန်တွင် နေထိုင်ရေးအခက်အခဲ တွေ့နေသော ဒေသခံပြည်သူများအခက်အခဲဖြေလျှော့နိုင်ရေးအတွက် ရေဘေးရှောင်အဆောက်အဦ တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-29

 

 

မင်းဘူး (စကု) မြို့နယ်ရှိ မင်းဘူးမြို့ပေါ်ရှိ အမှတ် (၂) ရပ်ကွက်၊ အမှတ (၃) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်တို့အပြင် ရွာသာကျေးရွာအနိမ့်ပိုင်း ကျွန်းတံတိုင်းရွာများဟုခေါ်သော သနပ်ပင်စုကျေးရွာ၊ ကျောင်းကုန်းကျေးရွာ၊ ငွေသောင်ကျေးရွာ၊ ပေါက်ငူကျေးရွာ၊ ပေါက်လေးပင်ကျေးရွာ၊ နိဗ္ဗာန်ကျွန်း ကျေးရွာ၊ ပဒေသာကျွန်းရွာ၊ မန်းကျွန်းရွာ၊ ထုံးမန်ကျည်း၊ ရွာသစ်ကုန်းနှင့်ဆည်ရွာစသည့် ကျေးရွာများသည် နှစ်စဉ်ဧရာဝတီ မြစ်ရေကြီးခြင်းကြောင့် ရေလွှမ်းမိုးသည့်အတွက် နေရာအခက် အခဲနှင့် အမြဲတမ်းကြုံတွေ့နေရပါကြောင်း၊ ဧရာဝတီမြစ်ရေတက်လာပါက ရေလွတ်ရာတွင်ရှိသော ရပ်ဆွေရပ်မျိုးများ ထံသော်လည်းကောင်း၊ အနီးအနားပတ်ဝန်းကျင်ရှိ ဘုန်းကြီးကျောင်းများတွင်သော် လည်းကောင်း၊ ဇရပ်များတွင်သော်လည်းကောင်း၊ ရေလွတ်ရာမြေကွက်လပ်ရှိသည့် နေရာများကို သွားပြီးဖြစ်သလို နေကြရပါကြောင်း၊

ကျွဲ/နွားများအပြင် တောင်သူလုပ်ငန်းက ရရှိလာသော ကောက်ပဲ၊သီးနှံများကိုလည်း ဖြစ်သလို အရေးပေါ်သယ်ယူ ကြရပါကြောင်း၊ ဝန်ကြီးဌာနက ရေဘေးရှောင်အဆောက်အဦ ချပေးမည်ဆိုပါက အဆင်သင့် တည်ဆောက်နိုင်ရန် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ မြို့နယ်လယ်/စည်၊ ရပ်/ကျေး လည်/စည်အဖွဲ့များနှင့် နေရာကိုကွင်းဆင်းကြည့်ရှုပြီး ဖြစ်ပါကြောင်း၊ မင်းဘူး (စကု) မြို့နယ်ရှိ ဧရာဝတီမြစ်ရေကြီးခြင်းကြောင့် ရေကြီးချိန်တွင် နေထိုင်ရေးအခက်အခဲ ဖြစ်နေသော ဒေသခံပြည်သူများ အခက်အခဲဖြေလျှော့နိုင်ရေးအတွက် ရေဘေးရှောင်အဆောက်အဦ တည်ဆောက် ပေးရန် အစီအစဉ်ရှိ/မရှိနှင့် မည်သည့်‌အချိန်တွင် ဆောင်ရွက်ပေးသွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။