(ဃ)-ဝန်းသိုမြို့နယ်၊ ဆင်ကုန်း-ဝန်းသို-ပင်လယ်ဘူးလမ်းပေါ်ရှိ ပျက်စီးနေသော ဆင်ကုန်း-ဝန်းသိုလမ်းပိုင်း အား ပြင်ဆင်ပေးပါရန်နှင့် တံတားအမှတ်(၆/၂၀) ဒုံးဒုတ်တံတားအား ကွန်ကရစ်တံတားနှင့် ချဉ်းကပ်လမ်း တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ဝန်းသိုမြို့နယ်၊ ဆင်ကုန်း-ဝန်းသို-ပင်လယ်ဘူးလမ်းပေါ်ရှိ ပျက်စီးနေသော ဆင်ကုန်း-ဝန်းသို လမ်းပိုင်းအား ပြင်ဆင်ပေးပါရန်နှင့် ၎င်းလမ်းပေါ်ရှိ တံတားအမှတ် (၆/၂၀) ဒုံးဒုတ်တံတားအား ကွန်ကရစ် တံတားနှင့် ချဉ်းကပ်လမ်း တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ဆင်ကုန်း-ဝန်းသို-ပင်လယ်ဘူး လမ်းပိုင်းသည် မိုင် ၆၀ ခန့်ရှိပြီး ကောလင်း၊ ဝန်းသို၊ ပင်လယ်ဘူး မြို့သုံးမြို့ကို ရွှေဘို-မြစ်ကြီးနားလမ်းဖြင့် ချိတ်ဆက်ပေးထားသော အဓိကလမ်းဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးတွင် မိမိအနေဖြင့် ဆင်ကုန်း-ဝန်းသို-ပင်လယ်ဘူး လမ်းပေါ်တွင်ရှိသည့် ဝန်းသိုဆင်ကုန်း လမ်းပိုင်းပျက်စီးနေမှုအား အဓိကထားမေးမြန်း သွားမည်ဖြစ်ပါကြောင်း၊ ဝန်းသို-ဆင်ကုန်း လမ်းပိုင်းသည် ၁၂ ပေ အကျယ် ကတ္တရာလမ်းဖြစ်ပြီး ၂၀.၂ မိုင်ရှည်ပြီး ဝန်းသိုမြို့နယ်အတွင်း ၁၀ မိုင်၊ ကောလင်းမြို့နယ်အတွင်း ၁၀ မိုင်ရှိပါကြောင်း၊ ဝန်းသိုမြို့နယ်အတွက် အင်မတန်မှ အရေးပါပါကြောင်း၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးများအတွက် ရွှေဘိုမြို့၊ မြစ်ကြီးနားမြို့၊ မန္တလေးမြို့ စသည့်မြို့ကြီးများနှင့် ချိတ်ဆက်သွားလာရန်အတွက် အဓိကလမ်းမကြီးဖြစ်သည့် ရွှေဘို-မြစ်ကြီးနားလမ်းမကြီးနှင့် ချိတ်ဆက်ပေးထားခြင်း ဖြစ်ပါကြောင်း၊ ၎င်းလမ်းသည် ဝန်းသိုမြို့နယ် အတွက် တစ်ခုတည်းသော ထွက်ပေါက်လမ်းလည်း ဖြစ်ပါကြောင်း၊ ယခုအခါ လမ်းကအင်မတန် ပျက်စီးနေပြီး သွားလာရန်အခက်အခဲများ ဖြစ်ပေါ်နေသည့်အတွက် ပြုပြင်ပေးရန် လိုအပ်လျက်ရှိပြီ ဖြစ်သဖြင့် မေးမြန်းရခြင်းဖြစ်ပါသည်။
မေးခွန်း၏ ဒုတိယအပိုင်းက ဝန်းသို-ကျောက်တန်း လမ်းပေါ်ရှိ စောစောက ဝန်းသို-ကျောက်တန်း-ဆင်ကုန်း လမ်းပေါ်ရှိတံတားအမှတ် (၆/၂၀) ဒုံးဒုတ်တံတား ပျက်စီးနေမှုကိစ္စ ဖြစ်ပါကြောင်း၊ ၎င်းတံတားသည် ဝန်းသို-ဆင်ကုန်း လမ်းပေါ်တွင်ရှိပြီး သံဘောင်တင် သစ်သားကြမ်းခင်းတံတား ဖြစ်ပါကြောင်း၊ ကမ်းကပ်ခုံနှင့် ရေလယ်တိုင်များကလည်း သစ်သားများဖြင့် တည်ဆောက်ထားခြင်း ဖြစ်ပါကြောင်း၊ ယခုအခါ အဆိုပါတံတားသည် ပျက်စီးလျက်ရှိနေပြီး ကားကြီးများသာမဘဲ အိမ်စီးကားများ၊ သုံးဘီးဆိုင်ကယ်များဖြတ်လျှင် တုန်ခါမှုများ ဖြစ်ပေါ်နေသည့် အနေအထား ဖြစ်နေပါကြောင်း၊ ထပ်မံပြီး ပြိုကျပျက်စီးနိုင်သည့် အနေအထားဖြစ်သည့်အတွက် အလျင်အမြန် တည်ဆောက်ပေး နိုင်ရန်လည်း လိုအပ်နေပြီဖြစ်ပါကြောင်း၊ အကယ်၍တံတားကို အချိန်မီပြန်လည် တည်ဆောက်ပေးခဲ့ခြင်းမရှိပါက ပြိုကျပျက်စီးသွားခဲ့မည်ဆိုလျှင် မိမိတို့ဝန်းသိုမြို့နယ်အတွက် ဆက်သွယ်သွားလာရေး အင်မတန်ခက်ခဲသွားမည့် အနေအထားဖြစ်သည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊
သို့ဖြစ်သည့်အတွက် ဝန်းသိုမြို့နယ်အတွင်းရှိ ဆင်ကုန်း-ဝန်းသို-ပင်လည်ဘူး လမ်းပေါ်ရှိ ပျက်စီးနေသော ဆင်ကုန်း-ဝန်းသို လမ်းပိုင်းအား ပြင်ဆင်ပေးပါရန်နှင့် ၎င်းလမ်းပေါ်ရှိ ဒုံးဒုတ် တံတားအား ကွန်ကရစ်တံတားနှင့် ချဉ်းကပ်လမ်း တည်ဆောက်ပေးပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။