(ခ)-ဘုန်ဟုန်းလမ်းခွဲမှ လာလွီး၊ ဘွေရိန်၊ ဒိုင်နှိုင်းနှင့် ခွာဟုန်းကျေးရွာတို့ကို ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ဘုန်ဟုန်းလမ်းခွဲဆိုသည်မှာ မိမိတို့မတူပီမြို့မှ လာလွီးပြည်မြို့ကို သွားသည့်လမ်းမပေါ်မှ ခွဲထွက်သွားသည့် လမ်းဖြစ်ပါကြောင်း၊ မတူပီမြို့မှလာလွီးပြည် လမ်းကိုသွားသည့်လမ်းက ပြီးခဲ့သည့် ၂၀၁၀-၁၅ အစိုးရခေတ်တွင် ဖောက်လုပ်ခဲ့သောလမ်း ဖြစ်ပါကြောင်း၊ လမ်းမိုင်ပေါင်း ၈၀ ကျော် သော်လည်း မိမိတို့၎င်းလမ်းနှင့်ပတ်သက်ပြီးမှ လမ်းခွဲတစ်ဆက်တစ်စပ်ရှိ ကျေးရွာများကိုသွားမည့် လမ်းများက ကားလမ်းပေါက်ရောက်ခြင်း မရှိပါကြောင်း၊ မြေသားလမ်းလုံးဝ မပေါက်သည့် အတွက်ကြောင့် ဒေသ၏ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်သည့်နေရာတွင် အထူးသဖြင့် လမ်းမပေါက်သည့် အတွက်ကြောင့် အင်မတန်မှအခက်အခဲ ရှိပါကြောင်း၊
ဒေသခံပြည်သူလူထု၏ ဆက်သွယ်သွားလာရေးမှာလည်း တော်တော်အခက်အခဲရှိပါကြောင်း၊ ၄ ပေ အကျယ်ခန့်ရှိသည့် ဆိုင်ကယ်လမ်းသည်လည်း အန္တရာယ်ရှိစွာ သွားလာသည့်အခါ ပြည်သူ လူထုများအတွက် အင်မတန်မှ အန္တရာယ်ရှိပြီး အကြိမ်ကြိမ်လည်း ဆိုင်ကယ်မှောက်ပြီး သေကြေ ခဲ့ကြခြင်းများလည်း တေ့ွရှိရပါကြောင်း၊ အထူးသဖြင့် နာရေးကိစ္စများတွင် အင်မတန်မှ ပိုဆိုးပါကြောင်း၊ ထို့ကြောင့် အဆိုပါလမ်းများကို ၂၀၁၆ ခုနှစ် လွှတ်တော်ရောက်ကတည်းက မြို့နယ်မှအောက်ခြေတွင် အဆိုပြုသည့်အခါ အကြိမ်ကြိမ်တင်ပြခဲ့ပြီး ဖြစ်ပါသော်လည်း ကျေးလက်လမ်းများ ဘတ်ဂျက် ချမပေးသည့်အခါ ယနေ့အထိတိုင် လုံးဝဖောက်လုပ်ပေးခဲ့ခြင်း မရှိပါကြောင်း၊ ဘုန်ဟုန်းလမ်းခွဲမှ ဘွေရိန်အထိဆိုလျှင် ဘုန်ဟုန်းလမ်းခွဲနှင့် လာလွီးအထိက ၃ မိုင်၊ လာလွီးမှ ဘွေရိန်အထိက ၇ မိုင်၊ လာလွီးမှဒိုင်နိုင်းအထိက ၃ မိုင်၊ လာလွီးမှ ခွါဟုန်းအထိက ၃ မိုင် ကို မိမိတို့ သုံးနှစ်ကျော် တင်ပြခဲ့ပြီး ဖြစ်ပါကြောင်း၊
သို့သော်လည်း ယခုနှစ်ကြား RE ဖြည့်စွက်ရန်ပုံငွေ စာရင်းပြန်ပြုစုသည့်အခါတွင်လည်း မြို့နယ်တွင်ရှိသည့် ကျေးလက်အင်ဂျင်နီယာနှင့် တိုင်ပင်ပြီး ထိုလမ်းကိုလည်း ထပ်မံပြီးမှ ဖြည့်စွက် လုပ်ပေးနိုင်ရေးအတွက် ထပ်မံတင်ပြထားခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အများပြည်သူ ကျေးလက်တွင်နေသည့် ပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးအတွက် ဘုန်ဟုန်း လမ်းခွဲမှလာလွီး၊ ဘွေရိန်၊ လာလွီးဒိုင်နိုင်း၊ လာလွီးခွါဟုန်း ၎င်းကျေးလက်လမ်းများကို ဖောက်လုပ် ပေးနိုင်ခြင်းရှိ/မရှိ၊ မရှိပါက မည်သည့်အတွက်ကြောင့် မရှိသည်။ အစီအစဉ်ရှိပါက မည်သည့်နေ့၊ မည်သည့်အချိန်နှင့် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို တိတိကျကျ သိလိုပါကြောင်း မေးမြန်းပါသည်။