(က)-ထိုင်းနိုင်ငံနယ်စပ် ကချနာပူရီမှ ထားဝယ်အထူးစီးပွားရေးဇုန်သို့ (၂)လမ်းသွားကတ္တရာကားလမ်းအား NEDA ထံမှ ချေးငွေလက်ရှိရယူခြင်း မရှိသေးပါက ပြည်ထောင်စုရန်ပုံငွေဖြင့် ပျက်စီးနေသောလမ်းပိုင်းများကို ပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-29

 

ထိုင်းနိုင်ငံနယ်စပ် ကချနာပူရီမှ ထားဝယ်အထူးစီးပွားရေးဇုန်သို့ (၂) လမ်းသွားကတ္တရာကားလမ်း အဆင့်မြှင့် ဆောက်လုပ်ရန် စီမံကိန်းအတွက် Neighbouring Countries Economic Development Cooperation (NEDA) ထံမှ ထိုင်းဘတ် ၄.၅ ဘီလီယံချေးယူရန် ပြည်ထောင်စု လွှတ်တော်က ၂၆-၃-၂၀၁၈  ရက်နေ့တွင် သဘောတူအတည်ပြုပြီးဖြစ်ရာ မည်ကဲ့သို့ဆက်လက် ဆောင်ရွက်နေသည်ကို သိလိုခြင်းနှင့် NEDA ထံမှ ချေးငွေလက်ရှိရယူခြင်းမရှိသေးပါက ပြည်ထောင်စု ရန်ပုံငွေဖြင့်ပင် ပျက်စီးနေသောလမ်းပိုင်းများကို ပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း သည့်မေးခွန်း

 

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆောင်ရွက်မည့် ထားဝယ် အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုင်းနိုင်ငံနယ်စပ် ကချာနာပူရီမှ ထားဝယ်အထူး စီးပွားရေးဇုန် (၂) လမ်းသွား ကတ္တရာကားလမ်း အဆင့်မြှင့်ဖောက်လုပ်ရန် စီမံကိန်းနှင့် Neighbouring Countries Economic Development Cooperation Agency (NEDA) ထံမှ ထိုင်းဘတ် ၄.၅ ဘီလီယံချေးယူရန် ၂၆-၃-၂၀၁၈ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က သဘောတူအတည်ပြုပြီး ဖြစ်ခဲ့ပါကြောင်း၊ ယခုလို ပြည်ထောင်စုလွှတ်တော်က သဘောတူပြီး ဖြစ်သည့်နေ့မှစပြီး ယနေ့ထိ တစ်နှစ်ကျော်ပြီ ဖြစ်ပါကြောင်း၊ လွှတ်တော်မှ သဘောတူသည့် အဆိုပါ ချေးငွေတွင် ထီးခီး၊ ထားဝယ်၊ ရေနက်ဆိပ်ကမ်းအထိ (၂) လမ်းသွားကတ္တရာလမ်း အဆင့်မြှင့်ပြီးမှသာ ရေနက်ဆိပ်ကမ်း စီမံကိန်းလည်း အောင်မြင်နိုင်မည် ဖြစ်ပါသောကြောင့် ပထမအဆင့်အနေဖြင့် လမ်းကိုဦးစားပေး ဆောင်ရွက်သည်ဟု ယူဆပါကြောင်း၊ ထားဝယ်အထူးစီးပွားရေး ဇုန်နှင့် ကျောက်ဖြူ စီးပွားရေးဇုန်တို့ကို တိုးတက်မှုနှေးကွေးနေသဖြင့် ထိရောက်သည့်တိုးတက်မှု ရှိစေရန်၊ ဝိုင်းဝန်း ကြိုးပမ်းရန် လိုအပ်ကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ၂-၈-၂၀၁၈ ရက်နေ့တွင် နေပြည်တော်တွင် ကျင်းပသော မြန်မာ့အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့အစည်းတွင် ပြောကြားခဲ့ပါကြောင်း၊ နေ့စဉ် ထားဝယ်ဒေသမှ ငါး၊ ပုဇွန်၊ ကဏန်းနှင့် ကြက်သွန်၊ နှမ်း၊ အုန်း၊ ဆား၊ လက်ဖက်ခြောက်၊ နနွင်းစသည်တို့မှာ ပို့ကုန်များဖြစ်ပြီး တစ်ဖက်နိုင်ငံမှ စက်ပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ ကုန်ကြမ်း၊ ဘိလပ်မြေ၊ ဓာတ်မြေသြဇာစသည့် ပစ္စည်းများကို တင်သွင်းနေသည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၁၇-၁၈ ခုနှစ်တွင် ထီးခီးနယ်စပ်မှတစ်ဆင့် တင်သွင်းသည့် ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၇၉.၆ သန်း ရှိကြောင်းတွေ့ရသည့်အပြင် နိုင်ငံခြားခရီးသွားများလည်း အမြဲမပျက်ဝင်/ထွက် သွားလာနေပါကြောင်း၊ သို့သော် ထီးခီးလမ်းမှာ မြေသားလမ်းအဆင့်သာရှိ၍ လမ်းပိုင်းအချို့ပျက်စီး နေသည့်အတွက်ကြောင့် ပြင်ဆင်ရန်လိုအပ် လျက်ရှိပါကြောင်း၊

ထို့ကြောင့် NEDA ထံမှချေးငွေရပြီး အဆိုပါလမ်းကို အဆင့်မြှင့်ဖောက်လုပ်ရန် လတ်တလောမဖြစ်နိုင် သေးပါက ပြည်ထောင်စုရန်ပုံငွေဖြည့်ပြီး ပျက်စီးနေသောလမ်းပိုင်းကို ယခုနှစ် မိုးရာသီမရောက်မီ ပြုပြင်ပေးစေလိုသည့် အတွက်ကြောင့် မဲဆန္ဒနယ်ပြည်သူများကိုယ်စား မေးမြန်းပါသည်။