(ဂ)-မိုးကောင်းမြို့နယ်၊ နန့်ဟိုင်ကျေးရွာအုပ်စုရှိ နန့်ဟိုင်ကျေးရွာနှင့် စေတုန်ကျေးရွာတို့အား ကာမိုင်း ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ခြင်းမှ ပယ်ဖျက်ပေးနိုင်ခြင်းရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-29

 

နန့်ဟိုင်ကျေးရွာကို ၁၉၄၆ ခုနှစ်ဖြင့် စေတုန်ကျေးရွာကို ၁၉၅၀ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ကချင်တိုင်းရင်းသားများ အစဉ်တစိုက်အခြေချ နေထိုင်ခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရပါကြောင်း၊ ၂၀၁၇ ခုနှစ် ကာမိုင်းသစ်တောဦးစီးဌာနမှ ကြိုးပြင်ကာကွယ်တောဧရိယာ အမှတ်အသားများ လာရောက်စိုက်ထူရာ မိုးကောင်း-ကာမိုင်းလမ်းမကြီး အနောက်ဘက်တစ်ခြမ်းလုံး သစ်တော ဧရိယာအဖြစ် သတ်မှတ်ခံခဲ့ရပြီး လူနေအိမ် ၂၃၈ လုံး၊ အလယ်တန်းကျောင်း ၁ ကျောင်း၊ ဘုရားရှိခိုးကျောင်း ၄ ကျောင်း၊ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း၊ ကျန်းမာရေးဆေးပေးခန်း၊ ဈေး၊ အုပ်ချုပ်ရေးရုံး၊ ဝန်ထမ်းဆောင်၊ သုဿန်မြေနှင့် စိုက်ပျိုးမြေစုစုပေါင်းဧက ၂၀၂၀ ပါဝင်သွားခဲ့ပါ ကြောင်း၊ နှစ်ချင်းသင်းတော်ကို ၁၉၅၀ ခုနှစ်၊ ကပ်သောလစ် ဘုရားကျောင်းကို ၁၉၅၉ ခုနှစ်၊ အင်္ဂလီဂန်အသင်းတော် ကျောင်းကို ၁၉၆၀ ပြည့်နှစ်၊ အစိုးရအလယ်တန်းကျောင်းကို ၁၉၈၀ ပြည့်နှစ် တို့တွင် တည်ဆောက်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ရှေးစဉ်ကတည်းက တည်ထောင်ခဲ့သည့် ဖွံ့ဖြိုးစည်ကားသော ကျေးရွာကြီး ဖြစ်ကြောင်းကိုလည်း သိသာထင်ရှားစေပါသည်။ တင်ပြပါအတိုင်း ရွာတစ်ဝက်ခန့်သည် ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ခံခဲ့ရသည့်အတွက် နှစ်ပေါင်းများစွာ ကတည်းက အစဉ်တစိုက် အခြေချနေထိုင်လာခဲ့သော ဒေသခံတိုင်းရင်းသားများအနေဖြင့် မိမိတို့နေထိုင် စိုက်ပျိုးလုပ်ကိုင်စားသောက်နေရသည့် ပိုင်ဆိုင်မှုများအတွက် စိုးရိမ်သောကကြီးစွာနှင့် ကျေးရွာသူ/သားများ၏ တင်ပြချက်အရ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် ကွင်းဆင်းစိစစ်ခဲ့ပြီး တွေ့ရှိချက်များကိုလည်း ယခုမေးခွန်းနှင့် တစ်ပါတည်း တင်ပြခဲ့ပြီးလည်း ဖြစ်ပါကြောင်း၊

မိမိတို့မြို့နယ်ရှိ ကျေးရွာအုပ်စုများသည် ဖွံ့ဖြိုးမှုနောက်ကျသည့် ကျေးရွာများဖြစ်သော်လည်း ကျေးရွာကို  မဲဆန္ဒနယ်များတွေ့ဆုံပြီး ကွင်းဆင်းတိုင်းဒေသ၏ လိုအပ်ချက်များအပြင် ကြိုးပြင် ကာကွယ်တောမှ စွန့်လွှတ်ပေးနိုင်ရေးအတွက်ကို ဦးစားပေးပြီးတင်ပြကြသည့် ရွာများဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ရပ်နားစဉ်ကာလကွင်းဆင်းရာတွင်လည်း အဆိုပါ ကိစ္စကို အလေးအနက်ထားပြီး တင်ပြခဲ့ခြင်းဖြစ်သည့်အတွက် လွတ်လပ်ရေးမရမီကတည်းက တည်ထောင်ခဲ့သော ကျေးရွာဖြစ်သည့် နန့်ဟိုင်ကျေးရွာနှင့် လွတ်လပ်ရေးခေတ်ဦးတွင် တည်ထောင်ခဲ့သော စေတုန်ကျေးရွာတို့ကို ကာမိုင်းကြိုးပြင် ကာကွယ်တောအဖြစ် သတ်မှတ် ထားခြင်းမှ ပယ်ဖျက်ပေးပါရန် ဒေသခံတိုင်းရင်းသားများကိုယ်စား သိရှိလိုပါကြောင်း မေးမြန်းပါသည်။