(င)-တကောင်းတောင်နီကယ်စီမံကိန်းတွင် ဧရာဝတီမြစ်ဆိပ်ကမ်း ကရိန်းကုန်တင်ကုန်ချစနစ်အတွက် ဒေသခံတောင်သူများ၏ လယ်ယာမြေများအတွင်း မီးတိုင်စိုက်ထူထားသောကြောင့် နစ်နာမှုကိုမည်ကဲ့သို့ ကူညီဆောင်ရွက်ပေးမည်ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ထီးချိုင့်မြို့နယ်၊ တကောင်းတောင်နီကယ်စီမံကိန်းတွင် ဧရာဝတီမြစ်ဆိပ်ကမ်း ကရိန်းကုန်တင်ကုန်ချ စနစ်အတွက် လျှပ်စစ်ဓာတ်အား သွယ်တန်း ရာတွင် ဒေသခံတောင်သူများ၏ လယ်ယာမြေများအတွင်း မီးတိုင်စိုက်ထူထားသောကြောင့် နစ်နာမှုကိုမည်ကဲ့သို့ ကူညီဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် တကောင်းတောင် CNICO Company၊ ဖယ်ရိုနီကယ် စီမံကိန်း၏စက်ရုံကို မန်းကုန်းကျေးရွာ၏ တောင်ဘက်တွင်ရှိပြီး ဧရာဝတီမြစ်၏ ခပ်လှမ်းလှမ်းတွင် တည်ဆောက်ထားခြင်း ဖြစ်ပါကြောင်း၊ စက်ရုံတည်ဆောက်စဉ်ကစပြီး လိုအပ်သည့် တည်ဆောက်ရေး ပစ္စည်းများနှင့် ကျောက်မီးသွေးများ ဆိပ်ကမ်းပေါ်တင်သည့်အခါ စက်ရုံက ထွက်ရှိလာသော Ferro Nickel Seeds များ သင်္ဘောပေါ်အတက်အချ လုပ်ရန်အတွက် ဟိုက်ထရောလစ် ကရိန်းများနှင့် ကွန်ဘေယာများကို အသုံးပြုရပါကြောင်း၊ ထိုအခါ လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို စက်ရုံမှမြစ်ဆိပ်ကမ်းအထိ လယ်ယာမြေများပေါ်က ဖြတ်သန်းသွယ်တန်း သွားသည့်အခါ ဒေသခံတောင်သူများအနေဖြင့် နစ်နာဆုံးရှုံးမှုကို တင်ပြလာသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည့်။
မီးတိုင်သည် နှစ်တန်းဖြစ်သည့်အတွက် တိုင်အများကြီးသုံးရပါကြောင်း၊ တစ်တိုင်တစ်တိုင်တွင်လည်း ဆိုင်းကြိုးများပါသည့်အတွက် အောက်ခြေတွင် တိုင်တစ်တိုင်ပေးလိုက်ရသည့် ဧရိယာက တော်တော် များပါကြောင်း၊ တိုင်တစ်တိုင်အတွက် ယခုလိုပေးလိုက်ရသည့်အခါ မီးတိုင်ပေါင်းများစွာ ဖြတ်သွားသည့်အခါ တောင်သူများမှာ နစ်နာဆုံးရှုံးမှုများ ရှိရပါကြောင်း၊ ထို့ကြောင့် ထီးချိုင့်မြို့နယ် တကောင်းတောင် နီကယ်စီမံကိန်းတွင် ဧရာဝတီမြစ်ဆိပ်ကမ်း ကရိန်းကုန်တင်ကုန်ချ စနစ်အတွက် လျှပ်စစ်သွယ်တန်းရာတွင် ဒေသခံတောင်သူများ၏ လယ်မြေများအတွင်း မီးတိုင်စိုက်ထူ ထားသောကြောင့် နစ်နာမှုကို မည်ကဲ့သို့ကူညီ ဆောင်ရွက်ပေးမည်ကို သိရှိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။