(ဇ)-ရေကြည်မြို့နယ်၊ ငဝန်မြစ်အနောက်ဘက်ကမ်းကျေးရွာများသို့ ငဝန်မြစ်ကိုဖြတ်ကျော်ပြီး သီတာ ကုန်းပြင်ကျေးရွာကြီးကို အခြေခံကာ လျှပ်စစ်မီးသွယ်တန်းပေးရန် အစီအစဉ်ရှိ/မရှိနှင်‌့ စပ်လျဉ်းသည်‌့ မေးခွန်း

2020-12-29

 

ရေကြည်မြို့နယ်သည် ငဝန်မြစ်မှ မြောက်နှင့်တောင်ကို ဖြတ်သန်းစီးဆင်းပြီး အရှေ့ဘက်ကမ်းနှင့် အနောက်ဘက်ကမ်းဆိုပြီး နှစ်ပိုင်းကွဲနေခြင်း ဖြစ်ပါကြောင်း၊ အရှေ့ဘက်ကမ်းသည် နယ်မြေ၏ သုံးပုံနှစ်ပုံခန့်ရှိပြီး အနောက်ကမ်းက နယ်မြေ၏ သုံးပုံတစ်ပုံခန့်သာရှိပြီး နောက်ဘက်ကမ်းတွင် ရွာပေါင်း ၁၄၀၊ လူဦးရေပေါင်း ၇၀၀၀၀ ခန့် နေထိုင်ခြင်းဖြစ်ပါကြောင်း၊ ရေကြည်မြို့နယ်အတွင်း ၂၀၁၆ ခုနှစ် ကတည်းက ဂွမြို့နယ်အတွက် မီးဖြတ်သန်းသွားလာပြီး‌ ၂၀၁၇ ခုနှစ်တွင် ဂွမြို့နယ်မှာ မီးလင်းခဲ့ပြီဖြစ်ပါကြောင်း၊ တစ်ခါ ၂၀၁၈ ခုနှစ်အတွင်း သီတာကုန်းပြင်၏ ကျောကုန်းတွင်ရှိသည့် အမြှောက်တပ်ရင်းကိုလည်း မီးသွယ်ပြီး အခုဧပြီလတွင် မီးစပြီးလင်းနေပြီ ဖြစ်ပါကြောင်း၊ သို့သော်လည်း ငဝန်မြစ်အနောက်ဘက် ကမ်းတွင်ရှိသည့် ကျေးရွာများအားလုံးသည် လျှပ်စစ်မီးလုံးဝ မရှိသေးပါကြောင်း၊ အရရှိသည့် စုစုပေါင်း ရွာပေါင်း ၁၄၀ ရှိပါသည်။ ငသိုင်းချောင်းလျှပ်စစ် ဦးစီးဌာနကနေပြီး ၂၀၁၇ ခုနှစ် အတွင်း ရွာပေါင်း ၆၇ ရွာကို မီးလင်းပေးနိုင်မည့် တင်ပြစာကို တင်ပြထားခဲ့ပြီ ဖြစ်ပါကြောင်း၊ ယခုလို တင်ပြစာကိုတင်ပြထားခဲ့သည့် အတွက်ကြောင်‌့လည်း သက်ဆိုင်ရာ လျှပ်စစ်ဝန်ကြီးဌာနကနေပြီး ဆက်လက်ဆောင်ရွက် ပေးနေသည်ကိုလည်‌း သိရှိနေရပါကြောင်း၊ သီတာကုန်းပြင်ရွာကြီးဆိုလျှင် အိမ်ခြေ ၆၀၀ ခန့် ရှိပါကြောင်း၊ လောလောဆယ် စည်ပင်သာယာဈေး၊ တိုက်နယ်ဆေးရုံ၊ ကျေးလက်ကျန်းမာရေးဌာန၊ အထက်တန်းကျောင်း၊ ရဲစခန်း၊ အစိုးရမီးသတ်စခန်းများ ရှိသော်လည်း လျှပ်စစ်မီးက ကိုယ်ထူကိုယ်ထဖြင့် ဘုန်းကြီးကျောင်း မှတစ်ဆင်‌့ သွယ်နေရသည့် ဒေသလည်းဖြစ်ပါကြောင်း၊ ၎င်းရွာကြီးကို အခြေပြုပြီး ငဝန်မြစ် အနောက်ဘက်ကမ်းကို မီးသွယ်မည်ဆိုလျှင် အဆင်‌့လိုက်ဆောင်ရွက် သွားရသည့်နေရာ ဖြစ်ပါကြောင်း၊ ကုန်းမြင်‌့ဒေသတွင်ရှိသည့် မီးသွယ်၍ရမည့် ကျေးရွာပေါင်း ၆၇ ရွာကို ပြထားသည့် ကျေးရွာအုပ်စုပေါင်း ရွာဖြစ်ပါကြောင်း၊ ၎င်းဒေသသည် ဂွ-ငသိုင်းချောင်းလမ်းနှင့် ပုသိမ်-မုံရွာလမ်း နှစ်ခု၏ကြားထဲတွင်ရှိပြီး ထိုလမ်းနှစ်ခုကြောင်‌့ ပိုပြီးစည်ကားဖွံ့ဖြိုး တိုးတက်လာသည့်ဒေသ ဖြစ်ပါကြောင်း၊ သီတာကုန်းပြင် ဓာတ်ခွဲရုံဆောက်ရေးအတွက် ဒေသခံများအနေဖြင့် ကိုယ်ထူကိုယ်ထ မြေနေရာကို စုပေါင်းပြီး ဝယ်ပေးထားသည့် မြေနှစ်ဧကကျော် ရှိသည့်နေရာကို တင်ပြခြင်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ငဝန်မြစ်အနောက်ဘက် ကမ်းတွင်ရှိသည့် ကျေးရွာများအတွက် မီးသွယ်တန်းနိုင်ရေးအတွက် ဓာတ်အားခွဲရုံတည်‌ဆောက် ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။