(ဈ)-ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အင်းလတ်၊ ဇောင်ချမ်းတောင်၊ အင်းမ၊ အလယ်ရွာ၊ သာဝတ္တိကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ဓာတ်အားလိုင်းသွယ်တန်းမှုများနှင့် ထရန်စဖော်မာတပ်ဆင်ပေးခြင်းလုပ်ငန်းများအား ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ဆင်ပေါင်ဝဲမြို့နယ် အတွင်းရှိ အင်းလတ်၊ ဇောင်ချမ်းတောင်၊ အင်းမ၊ အလယ်ရွာ၊ သာဝတ္တိ စသည့် ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရေး အတွက် လိုအပ်သောဓာတ်အားလိုင်း သွယ်တန်းမှုများနှင့် ထရန်စဖော်မာတပ်ဆင်ပေးခြင်း လုပ်ငန်းများအား ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
မိမိတို့အစိုးရသစ် လက်ထက်တွင် ၂၀၃၀ ခုနှစ်မတိုင်မီ ကျေးလက်၊ ကျေးရွာများအားလုံး မီးလင်းရမည်ဆိုပြီး မူဝါဒများချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေခဲ့ခြင်း အားလုံးအသိ ဖြစ်ပါကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်အထိ ဆင်ပေါင်ဝဲမြို့နယ်တွင် ကျေးရွာနှစ်ရွာနှင့် ရပ်ကွက် သုံးရပ်ကွက်သာ မီးလင်းခဲ့ပါကြောင်း၊ သို့သော်လည်း အစိုးရသစ်တက်လာသည့်အချိန် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း ၁၅ ရွာ၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာနှစ်ရွာ၊ ၂၀၁၈-၁၉ Mini နှင့် Main Budget တွင် ကျေးရွာ ၁၄ ရွာ NEP စီမံချက်ဖြင့် ကျေးရွာ ၁၁ ရွာ စုစုပေါင်း ကျေးရွာပေါင်း ၄၂ ရွာခန့်ထိအောင် တိုးမြှင့်ပြီးဆောင်ရွက် လာနိုင်ခဲ့ခြင်း တွေ့ရှိရပါကြောင်း၊ ၂၀၂၀-၂၁ ခုနှစ်တွင် ဓနုံးမြောင်ခွဲရုံကို တည်ဆောက်သွားမည် ဖြစ်သည့်အတွက်ကြောင့် ကျေးရွာအများအပြား လျှပ်စစ်မီး ပိုမိုရရှိလာဖို့လည်း ရှိပါကြောင်း၊ အဆိုပါနေရာတွင် တစ်ခုထူးခြားသည်က ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် မီးမရနိုင်သည့် အင်မတန်ခက်ခဲသော မြစ်အနောက်ဘက်ခြမ်းက ကျေးရွာရှစ်ရွာ မီးရရှိအရေးကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယခုလို ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် တစ်ဆက်တစ်စပ် တည်းဖြစ်သည့် ကျေးရွာများ အင်းလတ်၊ ဇောင်ချမ်းတောင်၊ အင်းမ၊ အလယ်ရွာ၊ သာဝတ္တိစသည့် ကျေးရွာများသည်လည်း မီးရရှိရေးကို လိုချင်တောင့်တလာကြခြင်း ဖြစ်ပါကြောင်း၊
မေးခွန်းပါ ကျေးရွာငါးရွာ လျှပ်စစ်မီးရရှိရေးအတွက် လိုအပ်သည့် ဓာတ်အားလိုင်းသွယ်တန်းမှုများနှင့် ထရန်စဖော်မာတပ်ဆင်ခြင်း လုပ်ငန်းများကိုဆောင်ရွက် သွားနိုင်မည်၊ နောက်တစ်ခုက နောင်တစ်ချိန်ချိန်တွင် ခွဲရုံတစ်ခုပါ ထပ်ပြီးဆောင်ရွက် ပေးနိုင်မည်ဆိုလျှင် ဧရာဝတီမြစ် အနောက်ဘက်ခြမ်းက ကမ်းရိုးတန်းတစ်လျှောက် ကျေးရွာအများအပြား လျှပ်စစ်မီးရရှိလာမည် ဖြစ်ပါကြောင်း၊ အင်းလတ်၊ ဇောင်ချမ်းတောင်၊ အင်းမ၊ အလယ်ရွာ၊ သာဝတ္တိစသည့် ကျေးရွာများအတွက် ဖော်ပြပါကိစ္စများ ဆောင်ရွက်နိုင်မည်ဆိုပါက အိမ်ထောင်စု ၁၃၀၀ ကျော်ခန့်ကို အကျိုးပြုသွားနိုင်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အင်းလတ်၊ ဇောင်ချမ်းတောင်၊ အင်းမ၊ အလယ်ရွာ၊ သာဝတ္တိစသည့် ကျေးရွာများ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် လိုအပ်သောဓာတ်အားလိုင်း သွယ်တန်းမှုများနှင့် ထရန်စဖော်မာတပ်ဆင်ပေးခြင်း လုပ်ငန်းများအား ဆောင်ရွက်ပေးသွားရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။