(ဏ)-လှိုင်သာယာမြို့နယ်အတွင်းရှိ စာသင်ကျောင်းများအတွက် မြေပြုပြင်ပေးပြီး ကျောင်းအားကစားကွင်းနှင့် ကျောင်းဆောင်အသစ်များ ဆောက်လုပ်ရာတွင် လမ်းအမြင့်ထက် မြှင့်တင်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည်‌့မေးခွန်း

2020-12-29

 

လှိုင်သာယာမြို့နယ်အတွင်းရှိ စာသင်ကျောင်းများအတွက် မြေပြုပြင်ပေးပြီး ကျောင်းအားကစားကွင်းနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်းများတည်ဆောက်ပေးခြင်း၊ ကျောင်းဆောင် အသစ်များဆောက်လုပ်ရာတွင် လမ်းအမြင့်ထက် မြှင့်တင်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည်‌့မေးခွန်း

 

လှိုင်သာယာမြို့နယ်ကို လယ်ယာမြေများပေါ်တွင် မြို့သစ်တည်ဆောက်ခဲ့ပြီး ယခုအခါ လမ်းမကြီးများ အဆင့်မြှင့်တင်တိုးချဲ့ပြီး ဆောင်ရွက်နေသဖြင့် လမ်းမကြီးများမြေသားက မြင့်တင်နေပြီး လူနေအိမ်များ၊ ရုံးများ၊ စာသင်ကျောင်း အဆောက်အဦးများသည် မြေအနိမ့်ပိုင်းတွင် ကျန်ခဲ့ပါကြောင်း၊ စာသင်ကျောင်းဝင်းထဲတွင် ယခုနွေရာသီ၌ ရေများသည်စြင်္ကံလမ်းများတွင် ၃ ပေခန့် ဝင်ရောက် သည့်အတွက် လူကြီးတစ်ယောက်၏ ခါးဇောင်းခန့်ထိ ရောက်ရှိပါကြောင်း၊ ကျောင်းဝင်းထဲတွင် ယခုကဲ့သို့ မိုးရာသီတွင် ရေစီးဆင်းမှုမရှိဘဲ ရှိနေသည့် ရေအိုင်များ များစွာရှိပါကြောင်း၊ ထို့ကြောင့် ကျောင်းသား/သူများသည် ရေထဲမှဖြတ်လျောက်ပြီး စာသင်ကျောင်းများကို သွားရောက်ပြီး ပညာသင်ကြားရပါကြောင်း၊ မိုးများသည့်အခါများတွင် စာသင်ကျောင်းဆောင်ထဲကို ရေဝင်ရောက်မှု ရှိပါကြောင်း၊ ယခုလို ရေဝင်ရောက်မှုဖြစ်သည်‌့အတွက် ပိုးမွှားအန္တရာယ်များ ရှိခြင်းကြောင့် ကျောင်းများကို ခေတ္တယာယီပိတ်ခဲ့ခြင်းများ ရှိပါကြောင်း၊

ကျောင်းဝန်းအတွင်း မြေကွက်လပ်အလွတ်များ ရှိနေသော်လည်း ရေစီးဆင်းမှုမရှိဘဲ ရေများဝပ်နေသဖြင့် ကျောင်းသား/သူများအတွက် အားကစားကွင်း များ ဖော်ဆောင်၍မရခြင်း၊ ကျောင်းဆောင်အသစ်များ ဆောက်လုပ်ရာတွင်လည်း မူလမြေအနိမ့်ပိုင်းတွင် တည်ဆောက် ရသည်‌့အတွက် ကျောင်းဆောင်ကြမ်းခင်းသည် လမ်းအမြင့်ထက် နိမ့်ကျနေသဖြင့် မိုးတွင်းကာလတွင် ကျောင်းဆောင်အောက်ထပ်များသို့ ရေဝင်ရောက်မှုများရှိခြင်း၊ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘပြည်သူများ၊ အလှူရှင်များစုပေါင်းပြီး တက်နိုင်သည့်ဘက်မှ ကျောင်းဝင်းအတွင်း မြေဖို့ပေးခြင်း၊ ကျောင်းအဝင်လမ်း မြေဖို့ပေးခြင်း လုပ်ငန်းများကို ဝိုင်းဝန်းကူညီဆောင်ရွက် ပေးနေသော်လည်း ပြည့်စုံလုံလောက်မှု မရှိပါကြောင်း၊ ကျောင်းဝင်းအတွင်း မြေဖို့သည်‌့လုပ်ငန်းများအတွက် ကျောင်းသား/သူ မိဘပြည်သူများထံမှ အလှူငွေကောက်ခံပြီး ဆောင်ရွက်နေသည်‌့ လုပ်ငန်းစဉ် သည်လည်း ယနေ့ခေတ်ကာလတွင် ဆက်လက်ဆောင်ရွက်ရန် မသင်‌့တော်ပါကြောင်း၊

ကျောင်းသား/သူများ ကာယ၊ ဉာဏ၊ စာရိတ္တမြင့်မာစေပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြား နိုင်ရေးအတွက် ကျောင်းဝင်းအတွင်း ရေဝပ်ဧရိယာများကို မြေဖို့ပေးပြီး ကျောင်းအားကစားကွင်းအဖြစ် ဖော်ဆောင်ပေးခြင်း၊ ကျောင်းအဝင်လမ်းများ မြေသားမြှင့်တင်ခြင်း၊ နေရာပြုပြင်ခြင်း၊ ကျောင်း ပတ်ဝန်းကျင် ရေစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်းများ တည်ဆောက်ပေးခြင်း၊ ကျောင်းဆောင်အသစ်များ ဆောက်လုပ်ရာတွင်လည်း လမ်းမြေအမြင့်ထက် မြှင့်တင်တည်ဆောက် ပေးရန်အစီအစဉ်ရှိ/မရှိ၊ စီစဉ်ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့်အချိန်ကာလတွင် ဆောင်ရွက် ပေးမည်နှင့် စီစဉ်ဆောင် ရွက်ပေးနိုင်ခြင်း မရှိပါကလည်း မည်သည့်အတွက်ကြောင့် ဆောင်ရွက် မပေးနိုင်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။