(ဂ)-အခြေခံပညာကျောင်းများတွင် School Milk Program ပိုမိုထိရောက်အောင်မြင်၍ ရာနှုန်းပြည့်ဖော်ဆောင်သွားနိုင်ရန်နှင့် ယင်းလုပ်ငန်းစဉ်အတွက် သီးသန့်ရန်ပုံငွေချထားပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-29

 

အခြေခံပညာကျောင်းများတွင် နို့တိုက်ကျွေးခြင်းလုပ်ငန်း(School Milk Program) ပိုမိုထိရောက်အောင်မြင်၍ ရာနှုန်းပြည့်ဖော်ဆောင်သွားနိုင်ရန် နိုင်ငံတော်အစိုးရမှ မည်သို့ဆက်လက် ကူညီပံ့ပိုးပေးမည်နှင့် ယင်းလုပ်ငန်းစဉ်အတွက် သီးသန့်ရန်ပုံငွေချထားပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

 

ယနေ့အခြေခံပညာသင်ကျောင်းများရှိ မူလတန်းအဆင့်ကလေးများကို မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ နို့တိုက်ကျွေးရေးလုပ်ငန်းများ အဓိကတာဝန်ယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ ရှမ်းပြည်နယ်အနေဖြင့် တောင်ကြီး၊ လွိုင်လင်၊ မူဆယ်၊ လားရှိုး၊ နောင်ချိုမြို့များတွင် နို့ပြုပြင် ထုတ်လုပ်ရေးစက်များ တပ်ဆင်ပြီး ဘေးအန္တရာယ်ကင်းစင်သော ပေါင်းတင်ပိုးသတ်နို့ ထုတ်လုပ် ဖြန့်ဖြူးလျက်ရှိပါကြောင်း၊ အခြေခံပညာကျောင်းများတွင် နို့ချိုတိုက်ကျွေခြင်းလုပ်ငန်းမှာ ကြီးမား ကျယ်ပြန့်ပြီး ရန်ပုံငွေများစွာ လိုအပ်သည့်လုပ်ငန်း ဖြစ်ပါကြောင်း၊ မိမိတို့ မြို့နယ်ငယ်များအနေဖြင့် ရန်ပုံငွေစုဆောင်း ရရှိရေးအတွက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသားမိဘများ၊ အလှူရှင်များစုပေါင်းအားဖြင့် တစ်လလျှင်တစ်ကျောင်းနှုန်း တိုက်ကျွေးနိုင်ရန် မနည်းကြိုးစား ဆောင်ရွက်နေရသည့် အနေအထားရှိပါကြောင်း၊ ယခုလို အခက်အခဲအမျိုးမျိုးကြားမှ နို့တိုက်ကျွေးခြင်း လုပ်ငန်းကိုဖြစ်ပေါ်အောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသည့် မြို့နယ် တိ/မွေး/ကု ဦးစီးမှူးများ၏ စွမ်းဆောင်ချက်စေတနာများကိုလည်း လေးစားဖွယ်မြင်တွေ့ ရပါကြောင်း၊

ကျောင်းနေအရွယ်ကလေးများ နို့တိုက်ကျွေးခြင်းအားဖြင့် ကျန်းမာရေးကြံ့ခိုင်၍ ဉာဏ်ရည်မြင့်မား ဖွံ့ဖြိုးသော လူငယ်လူရွယ်များ ပေါ်ထွန်းလာနိုင် စေပါကြောင်း၊ ယခုထက်ပိုမို တိုးချဲ့ဆောင်ရွက် သွားသင့်သည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ သို့ရာတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲ အမျိုးမျိုးတို့ကို ကျော်ဖြတ်နိုင်ရန် ခိုင်မာတောင့်တင်းသည့် မတည်ရန်ပုံငွေတစ်ရပ် လိုအပ်သည်ဟု ထင်မြင်မိပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ အရင်းမပျောက် မတည်ငွေကဲ့သို့ဖြစ်စေ၊ အစိုးရ၏သီးခြား ရန်ပုံငွေခေါင်းစဉ်ဖြင့်ဖြစ်စေ ထပ်မံပံ့ပိုးပေး မည်ဆိုပါက ပိုမိုထိရောက်သော လုပ်ငန်းတစ်ခု ပေါ်ထွက်လာမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်နေသော နွားနို့တိုက်ကျွေးခြင်းလုပ်ငန်း ပိုမိုထိရောက် ‌အောင်မြင်လာစေရန် အခြေခံပညာ ကျောင်းများတွင် နို့ချိုတိုက်ကျွေးခြင်းလုပ်ငန်း ပိုမိုထိရောက်အောင်မြင်၍ ရာနှုန်းပြည့်ဖော်ဆောင် သွားနိုင်ရန် နိုင်ငံတော်အစိုးရမှ မည်ကဲ့သို့ ဆက်လက်ပံ့ပိုး ကူညီဆောင်ရွက် ပေးမည်နည်းနှင့် နွားနို့အာဟာရတိုက်ကျွေးခြင်း လုပ်ငန်းစဉ်အတွက် သီးသန့်ရန်ပုံငွေ ခွင့်ပြုချမှတ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။