(ဃ)-လက်ပံတန်းမြို့နယ်ရှိ ရန်ကုန်-ပြည်လမ်းနှင့် ကျွန်းကလေး-မှော်အင်းလမ်းဆုံရာ(ကျွန်းကလေး အရှေ့ဘက်လမ်းတာဆုံ)တွင် စံကိုက်မီးပွိုင့်ပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ကျွန်းကလေးအရှေ့ဘက်ကမ်း တာဆုံမီးပွိုင့်သည် ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင် ၈၈/၂ တွင် တည်ရှိပါကြောင်း၊ ၎င်းလမ်းဆုံကို ရန်ကုန်-ပြည်လမ်းမကြီးကို နေ့စဉ်အသုံးပြု ဖြတ်သန်းနေရသည့် ကားကြီး/ကားငယ် အသွယ်သွယ်နှင့် လက်ပံတန်းမြို့ အရှေ့ဘက်ခြမ်းမှ ကျေးရွာအုပ်စုငါးအုပ်စု၊ ကျေးရွာအပေါင်း ၁၇ ရွာတို့မှ ကျေးရွာသူ/သားများ လက်ပံတန်းမြို့ သို့လာရောက်ရာတွင် နေ့စဉ်အသုံးပြုနေသော လမ်းဆုံဖြစ်ပါကြောင်း၊ ရန်ကုန်-ပြည်လမ်း၏ အကျယ်က ၂၄ ပေဖြစ်ပြီး AC လမ်းဖြစ်ပါကြောင်း၊ လက်ပံတန်း-ကျွန်းကလေး-မှော်အင်းလမ်းက ၁၂ ပေ လမ်းအကျယ်ဖြစ်ပြီး ရိုးရိုးကတ္တရာလမ်း ဖြစ်ပါကြောင်း၊ အချက်ပြမီးပွိုင့် ပြုလုပ်ထားသော်လည်း စနစ်ကျသည့် စံကိုက်မီးပွိုင့် မဟုတ်သည့်အတွက် လမ်းစည်းကမ်းကို နားမလည်သော ကျေးရွာသူ/ရွာသားများ ၎င်းလမ်းဆုံတွင် မကြာခဏဆိုသလို နှစ်စဉ်ယာဉ်တိုက်မှုများကြောင့် အသက်ဆုံးရှုံးခြင်း၊ ဒဏ်ရာပြင်းထန်စွာ ရရှိခြင်းများ ရှိနေပါကြောင်း၊
ထို့ကြောင့် စနစ်ကျသည့် စံကိုက်မီးပွိုင့်ပြုလုပ်ပေးနိုင်ရန် အကြံပြုလိုသည်မှာ (၁) ရန်ကုန်-ပြည်လမ်း နှင့် လက်ပံတန်း-ကျွန်းကလေး-မှောင်အင်းလမ်းတို့၏ မီးပွိုင့်ဝန်းကျင် လမ်းနယ်နိမိတ်ကို ကန့်သတ်ထားသည့် ပလက်ဖောင်းများ ပြုလုပ်ပေးခြင်း၊ ၎င်းမီးပွိုင့်အနီး ယာဉ်များမရပ်နိုင်စေရန် ပလက်ဖောင်းများတွင် ဖြူ/နီကြားများ ရေးဆွဲခြင်း၊ (၂) လမ်းထောင့်များမှာ မြင်ကွင်းမရှင်းသည့် အကာအကွယ်များကို ဖယ်ရှားပေးခြင်း၊ ဥပမာ-ရဲကင်းရုံနှင့် ကြော်ငြာဆိုင်းဘုတ်များ၊ ကျူးကျော် လမ်းဘေးဆိုင်များ၊ (၃) လမ်းဆုံလေးဘက်တွင်ရှိသည့် ကတ္တရာလမ်းပေါ်တွင် မျဉ်းဝါ၊ ရပ်မျဉ်း၊ ရှေ့သို့တည့်တည့် သွားမည့်မြားသင်္ကေတ၊ ဘယ်/ညာသို့ကွေ့မည့် မြားသင်္ကေတများ ရေးဆွဲပေးခြင်း၊ မျဉ်းလိုင်းများရေးဆွဲပေးခြင်းတို့ဖြင့် မီးပွိုင့်ကိုအသုံးပြုကြမည့် ကျေးရွာသူ/သားများအနေဖြင့် လမ်းစည်းကမ်းကို လွယ်ကူစွာကျင့်သုံး တက်လာမည်ဖြစ်၍ ကျွန်းကလေး တာဆုံမီးပွိုင့်သည် မြို့သူ/သားများ၏ အမြင်အာရုံတွင် စည်းကမ်းကျနသော မီးပွိုင့်၊ သပ်ရပ် တင့်တယ်သော မီးပွိုင့်အဖြစ် ဆွဲဆောင်နိုင်မည်ဖြစ်၍ ယာဉ်တိုက်မှုများ တဖြည်းဖြည်းလျော့ပါးလာပြီး စည်းကမ်းကိုလိုက်နာကြမည့် မြို့သူ/သားများအဖြစ် မြင်တွေ့လိုပါသဖြင့် မေးမြန်းပါသည်။