(က)-ကနီမြို့နယ်ရှိ လျှပ်စစ်မီတာဘောက်စ်ရရှိရေး ခက်ခဲနေခြင်းကို မည်သို့ဆောင်ရွက်ပေးမည်၊ ချင်းတွင်းမြစ်အထက်ပိုင်း မြစ်ဘေးဝဲယာရှိ ကျေးရွာ ၃၅ ရွာအား ဓာတ်အားလိုင်းသွယ်တန်းပေးရန်နှင့် ဓာတ်အားခွဲရုံများတည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည်‌့မေးခွန်း

2020-12-29

 

ကနီမြို့နယ်ရှိ ကိုယ်ထူကိုယ်ထ လျှပ်စစ်မီးလင်းရေးလုပ်ငန်းများတွင် မီတာဘောက်စ်ရရှိရေး များစွာနှောင့်နှေးခက်ခဲနေခြင်းကို မည်သို့ဆောင်ရွက်ပေးမည်၊ ချင်းတွင်းမြစ်အထက်ပိုင်း မြစ်ဘေးဝဲယာရှိ  ၁၁ ဓာတ်အားလိုင်းမရောက်ရှိသေးသော ကျေးရွာ ၃၅ ရွာအား ဓာတ်အားလိုင်းသွယ်တန်းပေးရန်နှင့် ဓာတ်အားနိုင်နင်းမှုရှိစေရေးအတွက် လိုအပ်သော ဓာတ်အားခွဲရုံများ တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည်‌့မေးခွန်း

 

မိမိတို့မြို့နယ်တွင် ကျေးရွာပေါင်း ၁၁၈ ရွာ ရှိပြီး လျှပ်စစ်မီးလင်းနေသည့် ကျေးရွာပေါင်းက ၄၇ ရွာရှိပါကြောင်း၊ ၎င်း ၄၇ ရွာမှာ မိမိတို့ မီတာဘောက်စ် လိုအပ်ချက်က ၂၀၀၀ ကျော်ရှိပါကြောင်း၊ ယခု လောလောဆယ်တွင်လည်း NEP ပထမအဆင့်တွင် မီးလင်းမည့် ကျေးရွာပေါင်းက ၂၃ ရွာရှိပြီး ကျေးရွာများ အားလုံးပေါင်းလိုက်လျှင် မီတာဘောက်စ် လိုအပ်ချက်က ၄၀၀၀ ဝန်းကျင်အထိရှိလာမည် ဖြစ်ပါကြောင်း၊ လက်ရှိမီတာဘောက်စ် ချထားပေးမှုသည်လည်း တစ်ခါချပေးမှ တစ်ရွာကို လေးငါးလုံးချင်း ချပေးနေခြင်း ဖြစ်ပါကြောင်း၊

ကျေးရွာများမီးလင်းရေးတွင် မီတာဘောက်စ် ခက်ခဲနေသည့် ပြဿနာဖြစ်ခြင်းကြောင့် မီးလင်းရေးတွင်လည်း တာဝန်ကျငွေ စိုက်ထုတ်ထားသည့် ပြည်သူများမှာလည်း နစ်နာမှု ဖြစ်ရပါကြောင်း၊ ပြီးခဲ့သည့်နှစ်ကတည်းက မိမိတို့မီတာဘောက်စ် ခက်ခဲနေသည့် ပြဿနာနှင့် ပတ်သက်ပြီး ဒုတိယဝန်ကြီးဆီသို့ စာရေးပြီးတင်ပြခဲ့ဖူးသော်လည်း ထူးခြားမှုရှိမလာခဲ့ပါကြောင်း၊ နောက်တစ်ခုက ဓာတ်အားလိုင်းကိစ္စတွင်လည်း မီးလင်းရေးမှာ လက်ရှိဓာတ်အားလိုင်း ရောက်ရှိနေသော ကျေးရွာများ၊ NEP ဖြင့် မီးလင်းမည့် ကျေးရွာများစသဖြင့်ရှိပါကြောင်း၊ ဒုတိယအဆင့် NEP ပြီးလျှင် ကျေးရွာပေါင်း ၁၀၀ ကျော် မိမိတို့မြို့နယ်တွင် မီးလင်းလာမည် ဖြစ်သော်လည်း ကနီမြို့နယ်၏ ချင်းတွင်းမြစ်အထက်ပိုင်း မြစ်ဘေးဝဲယာရှိ ကျေးရွာ ၃၀ ကျော်က ကျန်ရှိနေအုံးမည် ဖြစ်ပါကြောင်း၊

ထို့ကြောင့် မြစ်ဘေးဝဲယာတစ်လျောက် ၁၁ ကေဗွီ ဓာတ်အားလိုင်းများ သွယ်တန်းပေးရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ နောက်တစ်ခုက လက်ရှိကနီမြို့နယ်ကို ဓာတ်အားလိုင်း ဖြန့်ဖြူးပေးနေသော အနေအထားက မြစ်အနောက်ဘက်ပိုင်းတွင် ရွှေအောင်ဦး၊ အောင်ဇေယျဓာတ်အားခွဲရုံနှင့် မြစ်အရှေ့ဘက်ပိုင်း သခွတ္တနယ်ဓာတ်အားခွဲရုံတို့ကနေပြီး ဓာတ်အားလိုင်းများ ဖြန့်ဖြူးပေးနေခြင်း ဖြစ်ပါကြောင်း၊ ၎င်းဓာတ်အားခွဲရုံများသည် ကနီမြို့နယ်နှင့်ဆိုလျှင် ၁၅ မိုင်မှ မိုင် ၃၀ ကျော်အထိ ကွာဝေးနေခြင်း ဖြစ်သည့်အတွက် ရေရှည်တွင် မိမိတို့မြို့နယ်အတွက် ဓာတ်အားခွဲရုံများကို မဖြစ်မနေ တည်ဆောက်ပေးရမည် ဖြစ်ပါကြောင်း၊ သို့အတွက်ကြောင့် ကနီမြို့နယ်ရှိ ကိုယ်ထူကိုယ်ထ လျှပ်စစ်မီးလင်းရေးတွင် မီတာဘောက်စ်ရရှိရေးများစွာ နှောင့်နှေးခဲ့လျက်ရှိရာ မည်သို့ဆောင်ရွက် ပေးမည်ကိုသိရှိလိုခြင်းနှင့် ကနီမြို့နယ် ချင်းတွင်းမြစ်အထက်ပိုင်း မြစ်ဘေးဝဲယာရှိ ၁၁ ဓာတ်အားလိုင်း မရောက်ရှိသေးသော ကျေးရွာ ၃၅ ရွာ အားဓာတ်အားလိုင်း သွယ်တန်းပေးရန်နှင့် ဓာတ်အားလိုင်း နိုင်နင်းမှုရှိစေရန်အတွက် လိုအပ်သောဓာတ်အားခွဲရုံများ တည်ဆောက်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။