(ခ)-ဒဂုံမြို့သစ်(တောင်ပိုင်း)တွင် 66/11 KVA ဓာတ်အားခွဲရုံများဆောက်လုပ်ရန်၊ဝါယာကြိုးနှင့်လမ်းမီးသီးများပြုပြင်တပ်ဆင်ရန်ထရိန်းကားနှင့်လျှပ်စစ်ကာကွယ်ရေးပစ္စည်းများချထားပေးရန်နှင့် ဝန်ထမ်းဖွဲ့စည်းပုံတိုးချဲ့ပေးရန်အစီအစဉ်ရှိ/မရှိတို့နှင့်စပ်လျဉ်းသည့်မေးခွန်း
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် လိုအပ်လျက်ရှိသော 66/11 KVA ဓာတ်အားခွဲရုံများ ဆောက်လုပ် ပေးပါရန်၊ ဝါယာကြိုးများ တပ်ဆင်ခြင်း၊ ပြုပြင်ခြင်း၊ လမ်းမီးသီး/မီးလုံးများ ပြုပြင်တပ်ဆင်ခြင်း၊ ရှုပ်ထွေးဝါယာကြိုးများ ရှင်းလင်းရေးအတွက် ထရိန်းကား သို့မဟုတ် လုပ်ငန်းသုံးကားတစ်စီးနှင့် လျှပ်စစ်ကာကွယ်ရေးအသုံးအဆောင်ပစ္စည်းများ လုံလောက်စွာချထားပေးပါရန်၊ သုံးစွဲမီတာ၊ သုံးစွဲထရန်စဖော်မာများအတွက် ကိုက်ညီသော မြို့နယ်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဝန်ထမ်းဖွဲ့စည်းပုံ တိုးချဲ့ခန့်ထားပေးပါရန် သို့မဟုတ် မြို့နယ် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့ခွဲအင်အား ချထားပေးပါရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်သည် လူနေ ၃၂ ရပ်ကွက်၊ လူနေရန်ထပ်မံ အသစ်ဖော်ထုတ်ပြီးရပ်ကွက် ၁၀ ရပ်ကွက်ရှိပြီး လူဦးရေအားဖြင့် ၃၇၀၀၀၀၊ စက်မှုဇုန်လေးဇုန်၊ စက်ရုံအလုပ်ရုံပေါင်း ၁၀၀၀ ကျော်ရှိပြီး လူနေအိမ်များ၊ စက်ရုံအလုပ်ရုံများ၊ လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို ကြည့်မည်ဆိုလျှင် မီးသုံးစွဲသူ မီတာ အလုံးရေ ၇၂၈၂၉ လုံးသုံးစွဲလျက်ရှိပါကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဓာတ်အား ပြည့်ဝတည်ငြိမ်စွာ ပေးနိုင်ရေးအတွက် လုံလောက်သည့် ဓာတ်အားခွဲရုံများ လိုအပ်လာမည် ဖြစ်ပါကြောင်း၊ လက်ရှိလျှပ်စစ် ဓာတ်အားခွဲရုံများမှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနေသော်လည်း ထပ်မံတပ်ဆင်လိုသည့် မီတာလုံးရေများ၊ တိုးချဲ့လာမည့် အိမ်ရာစီမံကိန်းများ၊ စက်ရုံအလုပ်ရုံများ၊ စက်မှုလက်မှုလုပ်ငန်းများကို အဆင့်မြှင့်တင်ရန် စတင်ဆောင်ရွက်နေမှုများကြောင့် ဓာတ်အားခွဲရုံများ ထပ်မံလိုအပ်လာမည် ဖြစ်ပါကြောင်း၊ ထို့အတွက် မိမိမှ ရန်ကုန်တိုင်းဒေသကြီးအစိုးရပိုင် ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ၁၀၆ ရပ်ကွက်ရှိ မြေဧကသုံးဧကအား ဝန်ကြီးချုပ်ထံတင်ပြတောင်းခံခဲ့ရာ ခွင့်ပြုမိန့်ရရှိခဲ့ပြီးလည်း ဖြစ်ပါကြောင်း၊
ထို့ကြောင့် ၁၀၆ ရပ်ကွက်၊ စိုက်မွေးရပ်ကွက်၊ ၇၀ ရပ်ကွက်များတွင် 66/11 KVA ဓာတ်အားခွဲရုံများ အမြန်ဆုံးတပ်ဆင်ပေးပါရန် အစီအစဉ်ရှိ/မရှိနှင့် မိမိတို့မြို့နယ်တွင် လျှပ်စစ်ဝန်ထမ်းများအနေဖြင့် ဝါယာကြိုးများတပ်ဆင်ခြင်း၊ ရှင်းလင်းခြင်း၊ လမ်းမီးတိုင်များပေါ် မီးလုံး၊ မီးချောင်းများ လဲလှယ်ခြင်းများတွင် ကရိန်းကားများ၊ ကာကွယ်ရေးဝတ်စုံများ မရှိပါသဖြင့် အန္တရာယ်များစွာနှင့် ဆောင်ရွက်နေရပါကြောင်း၊ မြို့နယ်ပိုင်ပလပ်ဖောင်း ထရပ်ကရိန်းကားတစ်စီး၊ လျှပ်ကာဝတ်စုံများ၊ လျှပ်ကာလုပ်ငန်းသုံးပစ္စည်း ကိရိယာများချထားပေးပါရန် အစီအစဉ်ရှိ/မရှိ တင်ပြလိုခြင်းဖြစ်ပါကြောင်း၊ ဥပမာ-ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ဝန်ထမ်းအချို့ အသက်အန္တရာယ် ထိခိုက်ခဲ့ရပြီး မြို့နယ်လျှပ်စစ်မန်နေဂျာနှင့် မြို့နယ်အင်ဂျင်နီယာ ဝန်ထမ်းနှစ်ဦးအား အရေးယူခြင်းကိုသာ ဆောင်ရွက်ခဲ့ပြီး လိုအပ်သည့်ပံ့ပိုးမှုကို မဖြည့်ဆည်းပေးခဲ့ကြောင်း၊ ထို့အပြင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်လျှပ်စစ်ဓာတ်အားပေးအဖွဲ့ ဝန်ထမ်းအင်အားမှာ ၂၀၀၆-၀၇ ခုနှစ် မီးသုံးစွဲသူ ၄၀၀၀၀ ခန့်နှင့် ချထားပေးခဲ့ခြင်းဖြစ်၍ ယခု ၂၀၁၈-၁၉ ခုနှစ်ကို မီးသုံးစွဲသူ ၇၀၀၀၀ ကျော်နှင့် ကိုက်ညီသည့် ဖွဲ့စည်းပုံ၊ 66/11 KVA ဓာတ်အားခွဲရုံများ၊ 33/11 KVA ဓာတ်အားခွဲရုံများအတွက် ဖွဲ့စည်းပုံချထားပေးပါရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။