(ဂ)-မောက်မယ်မြို့နယ်၊ ဟိုနမ့်ကျေးရွာအုပ်စုနှင့် ပန်းတန်ကျေးရွာအုပ်စုမှ ဒေသခံပအိုဝ်းတိုင်းရင်းသားများ (၂၄)နာရီ လျှပ်စစ်ဓာတ်အားအသုံးပြုခွင့်ရရှိရေးအတွက် မည်ကဲ့သို့ကူညီပံ့ပိုးဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မိမိတို့မောက်မယ်မြို့နယ်တွင် မြို့နှင့် ၁၈ မိုင်ကွာဝေးသောဒေသမှာ ဟိုနမ့်ကျေးရွာအုပ်စုနှင့် ပန်းတန်ကျေးရွာ အုပ်စုဆိုပြီး ဒေသခံပအိုဝ်းတိုင်းရင်းသားများ စုပေါင်းနေထိုင်သော ကျေးရွာအုပ်စုကြီး နှစ်အုပ်စုရှိပါကြောင်း၊ ယခင်က ဆက်သွယ်သွားလာရေး အင်မတန်ခက်ခဲသော ဒေသဖြစ်ပါကြောင်း၊ ယခု ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင် ဆက်သွယ်သွားလာရေးအတွက် အဓိကအချက်အချာကျသည့် ကျေးရွာအုပ်စုများ ဖြစ်လာပါကြောင်း၊ ယခုလက်ရှိအနေဖြင့် ဟိုနမ့်အုပ်စု၏ အဓိကကျသော နေရာများတွင် EPC မှ လျှပ်စစ်ဓာတ်အားပေးစနစ်ဖြင့် မီးထွန်းထားခြင်းရှိပါကြောင်း၊ လောလောဆယ် ဟိုနမ့်ဒေသ၏ အင်အားမှာ အ.ထ.ကတစ်ကျောင်း၊ ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံတစ်ရုံ၊ ရဲစခန်းတစ်ခုရှိပါကြောင်း၊ မိမိတို့ကျေးရွာများတွင် ပြုလုပ်သည့် လူထုစကားဝိုင်း ပြည်သူ့တွေ့ဆုံ ပွဲများတွင် ဒေသခံတိုင်းရင်းသားများက လျှပ်စစ်မီး ၂၄ နာရီ အသုံးပြုခွင့်ရရှိရေးကို အဓိကတင်ပြ တောင်းဆိုလာကြခြင်း ဖြစ်ပါကြောင်း၊ အမှန်တကယ်ဝေးလံ ခက်ခဲသောဒေသများကို န.တ.လနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆိုလာမီးများကို ဖြန့်ဝေထားသည်မှာ အနည်းအကျဉ်း တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ဒေသခံတိုင်းရင်းသားများ လျှပ်စစ်မီး ၂၄ နာရီ အသုံးပြုခွင့် ရရှိရေးအတွက် လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ဟိုနမ့်ကျေးရွာအုပ်စုနှင့် ပန်းတန်ကျေးရွာအုပ်စုမှ ဒေသခံပအိုဝ်းတိုင်းရင်းသားများ ၂၄ နာရီလျှပ်စစ်ဓာတ်အား အသုံးပြုခွင့် ရရှိရေးအတွက် နိုင်ငံတော် အစိုးရမှ မည်ကဲ့သို့ကူညီ ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။