(ဃ)-မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်ကျောင်းများတွင် ကျောင်းသားကျောင်းသူများ လုံခြုံအေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် လုံခြုံရေများချထားပြီးစောင့်ရှောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-29

 

မိမိတို့ မြန်မာနိုင်ငံသည် ၂၀၀၀ ခုနှစ်နောက်ပိုင်းကစပြီး တက္ကသိုလ်အများစုကို မြို့တွင်း ယာဉ်ကြော ပိတ်ဆို့မှုမဖြစ်ပေါ်စေရေး၊ လွတ်လပ်စွာ သင်ကြားပို့ချနိုင်ရေး၊ အေးချမ်းစွာ ပညာသင်ယူနိုင်ရေးစသည့် ရည်ရွယ်ချက်များဖြင့် မြို့ပြနှင်‌့အလှမ်းဝေးရာသို့ ပြောင်းရွှေ့ဖွင့်လှစ် ခဲ့သည်ဟု လေ့လာသိရှိရပါကြောင်း၊ သို့သော်လည်း ကျောင်းသား/သူအများစုသည် အေးချမ်းစွာ ပညာသင်ကြားနိုင်စေရန်ထက် အပင်ပန်းကြီးစွာ ပညာသင်ကြားနေရပါကြောင်း၊ အကြောင်းအရင်းမှာ အဆိုပါ တက္ကသိုလ်များသည် မြို့ပြများနှင်‌့အနည်းဆုံး ၅ မိုင်မှ အများဆုံး ၇ မိုင်၊ ၈ မိုင်၊ ၁၀ မိုင်အထိဝေးကွာပြီး ကျောင်းသား/သူများသည် မနက်စောစောကျောင်းကားရှိသည့် နေရာကို သွားရပါကြောင်း၊ ကျောင်းကားမှတစ်ဆင်‌့ကျောင်းကို အချိန် ၁ နာရီခန့်ပေးပြီးမှ ‌ကျောင်းကို ရောက်ရပါကြောင်း၊ ကျောင်းသွားကျောင်းပြန် ညနေအိမ်ပြန်ရောက်သည်အထိ လမ်းခရီးတွင်နေ့စဉ်နှင့်အမျှ ၃၊ ၄၊ ၅ နာရီ ကုန်ဆုံးနေရပါကြောင်း၊ ထို့ကြောင့် သွားရေးလာရေး အဆင်မပြေသည့်အတွက် အနီးဆုံး တက္ကသိုလ်များတွင်နေရသော်လည်း အဆောင်စရိတ်၊ စားစရိတ်၊ နေထိုင်စရိတ်ကြီးမြင့်မှုများနှင့် ထပ်မံကြုံတွေ့ရပါကြောင်း၊ မြို့ပြနှင်‌့အလှမ်း ဝေးကွာသည့်အတွက် ကျောင်းသား/သူများအပေါ် ဒုစရိုက်သမားများက ပစ်မှတ်ထားပြီး ခိုးဆိုးလုနှိုက်မှုအပြင် အသက်အန္တရာယ်အထိ ခြိမ်းခြောက်မှုများပါ ရင်ဆိုင်နေရပါကြောင်း၊ အထက်ပါ အခြေအနေများကို ကြည့်ခြင်းအားဖြင့် တက္ကသိုလ်များသည် မြို့ပြနှင်‌့ဝေးရာကို ရောက်ရှိနေသည့်အတွက် အဖိုးတန်လက်ဝတ်ရတနာ၊ ဆိုင်ကယ်များ လုယက်ခံရသည့်အပြင် အသက်အန္တရာယ်များအထိ ဖြစ်နေရသည့်အနေအထား ဖြစ်ပါကြောင်း၊ မန္တလေးကွန်ပျူတာ တက္ကသိုလ်သည် ပုသိမ်ကြီးမြို့နယ်ထဲတွင် ရှိပါကြောင်း၊ မန္တလေးနှင့် ၁၂ မိုင် ဝေးကွာပါကြောင်း၊ ကွန်ပျူတာတက္ကသိုလ် (မန္တလေး) သည် စဉ့်ကိုင်မြို့နယ်ထဲတွင် ရှိပါကြောင်း၊ မန္တလေးမြို့နှင်‌့ ၁၆ မိုင်ခန့်ကွာဝေးပါကြောင်း၊ နည်းပညာတက္ကသိုလ် (မုံရွာ) သည် မုံရွာမှ ၆ မိုင်ခန့် ကွာဝေးပါကြောင်း၊ ဆေးတက္ကသိုလ် (မကွေး) သည် မကွေးမှ ၇ မိုင်ခန့် ကွာဝေးပါကြောင်း၊  ပြင်ဦးလွင်မြို့နယ်ရှိ ရတနာပုံဆိုက်ဘာစီးတီးသည် ပြင်ဦးလွင်နှင်‌့ ၁၆ မိုင်ခန့် ကွာဝေးပါကြောင်း၊ ကွန်ပျူတာ တက္ကသိုလ် (ပခုက္ကူ) သည် ပခုက္ကူနှင့် ၇ မိုင်ခန့် ကွာဝေးပါကြောင်း၊ ရတနာပုံတက္ကသိုလ်သည်  ဧရာဝတီမြစ်ရေကြီးချိန်နှင်‌့ ဒုဌဝတီဆုံသည့်အချိန် မိုးကောင်းသည့်အချိန်တွင် ရေကြီးနစ်မြုပ်မှုပါ ရင်ဆိုင်ရသည့်တက္ကသိုလ် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျောင်းသား/သူများသည် ကျောင်းသွားသည့်အခါ လိုအပ်သည့်အသုံးအဆောင် ပစ္စည်းအပြင် အသက်ကယ်လှေနှင်‌့ အသက်ကယ်အင်္ကျီပါ ယူသွားရမည့် ထူးခြားသည့်တက္ကသိုလ် ဖြစ်ပါကြောင်း၊ မန္တလေး (ရတနာပုံ) တက္ကသိုလ်ကျောင်းသား တစ်ဦး‌ ဓားထိုးခံရပြီးသေဆုံးခဲ့ရပါကြောင်း၊ ပြင်ဦးလွင်ရတနာပုံဆိုက်ဘာ စီးတီးကျောင်းသားတစ်ဦး ရိုက်နှက်ခံရပြီး သေဆုံးသွားခဲ့ရပါကြောင်း၊ ယနေ့အချိန်အထိ လွတ်မြောက်နေဆဲ တရားခံများရှိနေသေးပါကြောင်း၊ သို့ဖြစ်ပါ၍ မြို့ပြနှင့်အလှမ်းဝေးကွာသော နေရာများတွင် ပညာသင်ကြားနေရ သောတက္ကသိုလ်၊ ဒီဂရီကောလိပ်ကျောင်းသားလူငယ်များ၏ လုံခြုံရေးအတွက် အနီးဆုံးကျေးရွာ ရပ်ကွက်များအတွင်း ရဲစခန်း သို့မဟုတ် ရဲကင်းများ ချထား‌ပေးခြင်း၊ ကျောင်းသား/သူများ ကျောင်းတက်ကျောင်းဆင်းသွားလာရာ လမ်းမကြီးများတွင် လုံခြုံရေးလှည့်ကင်းများ စီမံဆောင်ရွက်ပေးနိုင်ရန်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။