(စ)-အုပ်ချုပ်ရေးမှူးတစ်ဦးအား ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ကျေနပ်မှုမရှိသူက တိုင်ကြားလာပါက ဌာနတွင်းဖြေရှင်းဆုံးဖြတ်ချက်မချမီ ရပ်/ကျေးအုပ်ချုပ်ရေးမှူး၏ တာဝန်ဆက်လက်ထမ်းဆောင်ခွင့် ရှိ/မရှိ သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ရွေးချယ်ခံအုပ်ချုပ်ရေးမှူး တစ်ဦးအား လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ကျေနပ်မှုမရှိသူက တိုင်ကြားလာပါက ၎င်းတိုင်ကြားခြင်းနှင့် ပတ်သက်၍ ဌာနတွင်းဖြေရှင်း ဆုံးဖြတ်ချက်မချမီ သို့မဟုတ် တရားရုံးသို့ရာဇဝတ်မှု ကျူးလွန်ကြောင်း စွဲဆိုလျှောက်ထားချက်အပေါ် သက်ဆိုင်ရာ တရားရုံးမှအမှုကို စီရင်ဆုံးဖြတ်ခြင်း မပြုရသေးမီရပ်/ကျေးအုပ်ချုပ်ရေးမှူး၏ တာဝန်ဆက်လက်ထမ်းဆောင်ခွင့် ရှိ/မရှိ သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း မေးရခြင်းအကြောင်းအရင်းက လက်ရှိအုပ်ချုပ်ရေးမှူးများ ရွေးချယ်သည့်နေရာတွင် ရှိသည့် အခက်အခဲကို ပြေလည်စေလိုခြင်းနှင့် ဌာန၏လုပ်ငန်းဆောင်ရွက်မှုများကို သိရှိခြင်းဖြင့် ဌာနနှင့်ပြည်သူများအကြား နားလည်မှုပိုမိုရရှိရေးအတွက်ကို ရည်ရွယ်ပြီး မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၏ အခန်း (၈) တွင် နုတ်ထွက်ခွင့်ပြုခြင်း၊ တာဝန်မှယာယီ ရပ်ဆိုင်းခြင်း သို့မဟုတ် ရပ်စဲခြင်းနှင့် အစားထိုးခန့်ထားခြင်းဆိုသည့် ခေါင်းစဉ်အောက် ပုဒ်မ ၁၅ တွင် မြို့နယ်အုပ်ချုပ်ရေးမှူးသည် ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး တစ်ဦးဦးနှင့်ပတ်သက်၍ အောက်ပါအကြောင်းတစ်ရပ်ရပ် ပေါ်ပေါက်လျှင် စုံစမ်းစစ်ဆေးမှုပြုရန် လိုအပ်ပါက အဖွဲ့ဖြင့်စုံစမ်းစစ်ဆေးမှုပြုပြီး နုတ်ထွက်ခွင့်ပြုခြင်း၊ တာဝန်မှယာယီ ရပ်ဆိုင်းခြင်း သို့မဟုတ် ရပ်စဲခြင်းပြုနိုင်သည်ဟု ဖော်ပြထားပါကြောင်း၊ ၎င်း၏အောက်တွင် ပုဒ်မခွဲ (က) မှ (စ) အထိရှိပါကြောင်း၊ (က) တာဝန်မှနုတ်ထွက်ခွင့်ပြုရန် တင်ပြချက်ကိုလက်ခံခြင်း၊ (ခ) အခန်း (၅) ပါ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်တစ်ရပ်ရပ်ကို ဖောက်ဖျက်ခြင်း၊ (ဂ) တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ အရေးယူခံရခြင်း၊ (ဃ) အခြားအရပ်ဒေသ တစ်ခုခုသို့ အမြဲတမ်းပြောင်းရွှေ့ခြင်း၊ (င) ကွယ်လွန်ခြင်း၊ (စ) ဤဥပဒေ အခန်း (၃) တွင် ပြဋ္ဌာန်းထားသော ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး၏ အရည်အချင်းပျက်ယွင်းခြင်းဆိုပြီး ဖော်ပြထားခြင်းရှိပါကြောင်း၊ ထိုအခါ အုပ်ချုပ်ရေးမှူးနှင့်ပတ်သက်ပြီး တိုင်ကြားလာခြင်းများ ရှိသည့်အခါ စုံစမ်းစစ်ဆေးမှုပြုသည့်အခါတွင် တချို့သောအုပ် ချုပ်ရေးမှူးများကို မိမိတို့က ယာယီရပ်ဆိုင်းခြင်းရှိပါကြောင်း၊ တစ်ချိန်တည်း တိုင်ကြားစာအရ စုံစမ်းစစ်ဆေးပြီးသည့်အခါ ရွေးကောက်ပွဲများ ပြန်ပြီးကျင်းပနိုင်ရေးအတွက်ဆိုပြီး ညွှန်ကြားလာခြင်းများ ရှိပါကြောင်း၊
သို့သော်လည်း ၎င်းကိုညွှန်ကြားလာသည့်အခါ လက်ရှိအုပ်ချုပ်ရေးမှူးများကို ယာယီ ရပ်ဆိုင်းခြင်းမျိုး မရှိသည့်အခါ ပြည်သူများ မေးခွန်းထုတ်စရာဖြစ်လာပါကြောင်း၊ ထို့ကြောင့် အဆိုပါမေးခွန်းအား မေးမြန်းရခြင်း ဖြစ်ပါသည်။