(ည)-ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိလယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတွင်မြေတိုင်းဌာနခွဲသီးသန့်ဖွဲ့စည်းပေးရန်နှင့်မြေလွတ်/မြေလပ်နှင့်မြေရိုင်းများဥပဒေ/နည်းဥပဒေများမှမဟုတ်ဘဲဖြေလျှော့၍ရသောပုံစံ(၇)ထုတ်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတွင် မြေတိုင်းဌာနခွဲ သီးသန့်ဖွဲ့စည်းပေးရန်နှင့် မြေလွတ်/မြေလပ်နှင့် မြေရိုင်းများပေါ်တွင် နှစ်ကာလ ကြာရှည်စွာ တောင်သူများ စိုက်ပျိုးလုပ်ကိုင်ပြီး လုပ်ကွက်တည်ငြိမ်လျက်ရှိသော နေရာများအား မြေလွတ်/မြေလပ်နှင့် မြေရိုင်းများ ဥပဒေ၊ နည်းဥပဒေများမှ မဟုတ်ဘဲ ဖြေလျှော့၍ရသော နည်းလမ်းတစ်ခုခုဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ (၇) ထုတ်ပေးရန် အစီအစဉ်ရှိ/မရှိတို့နှင့် စပ်လျဉ်းသည့် မေးခွန်း
ရှမ်းပြည်နယ် (မြောက်ပိုင်) အတွင်းရှိ မြို့နယ်များတွင် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်း ဦးစီးဌာနမှဝန်ထမ်းများသည် လက်ရှိအသုံးပြုလျက်ရှိနေသော ကွင်းမြေပုံအဟောင်းများ Digital စနစ်ဖြင့် ပြန်လည်ပြင်ဆင် တိုင်းတာနေသည်ကိုလည်း သိရှိရပါကြောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ကွင်းဖွဲ့တိုင်းတာခြင်းမရှိသည့် ဧရိယာများအများအပြား ကျန်ရှိနေသည်ကိုလည်း စုံစမ်းသိရှိရပါကြောင်း၊ မြေအသုံးချမှုနှင့် စီမံခန့်ခွဲရေးနှင့် နိုင်ငံတော်ဘဏ္ဍာခွန်ငွေ ကောက်ခံရာတွင် လွယ်ကူစေရန်အတွက် ကွင်းမြေပုံအသစ်များ ကွင်းဖွဲ့တိုင်းတာရန် လိုအပ်လျက်ရှိနေပါကြောင်း၊
မြေပုံအဟောင်းများ ပြန်လည်ပြင်ဆင်တိုင်းတာခြင်းနှင့် ကွင်းမြေပုံအသစ်များ ပြန်လည် တိုင်းတာရာတွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိရာတွင် လက်ရှိဝန်ထမ်းများ ဖွဲ့စည်းပုံအင်အားဖြင့် ဆောင်ရွက်သွားရန် အခက်အခဲရှိနေသည်ကိုလည်း သိရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ မေးမြန်းလိုသည်မှာ (က) လက်ရှိဆောင်ရွက်နေသည့် လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ မြေတိုင်းဌာနခွဲသီးသန့် ဖွဲ့စည်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် (ခ) ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ မြေလွတ်/မြေလပ်နှင့် မြေရိုင်းများပေါ်တွင် တောင်သူများမှ စိုက်ပျိုးလုပ်ကိုင်လာသည်မှာ နှစ်ကာလကြာရှည်ပြီး လုပ်ကွက်တည်ငြိမ်လျက်ရှိသော နေရာများအား မြေလွတ်/မြေလပ်နှင့်မြေရိုင်းများ ဥပဒေ၊ နည်းဥပဒေများမှ မဟုတ်ဘဲ ဖြေလျှော့၍ရသော နည်းလမ်းတစ်ခုခုဖြင့် လယ်ယာမြေလုပ်ကိုင်ခွင့် ပုံစံ (၇) အား ထုတ်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။