(က)-လွိုင်လင်မြို့နယ်၊ တန့်အယ်ကျေးရွာအုပ်စုရှိ လယ်ယာမြေများ အပြည့်အဝစိုက်ပျိုးလုပ်ကိုင်နိုင်ရန် ရေစီးရေလာအားကောင်းသည်‌့ နမ့်ပွန်ချောင်းပေါ်တွင် ဖိုင်လုံဆည်နှင့် ကုန်းကျောင်းဆည်တို့အား တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည်‌့မေးခွန်း

2020-12-29

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ် တန့်အယ်ကျေးရွာအုပ်စု ကုန်းကျောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့က ရောက်ရှိခဲ့ပြီး ဒေသခံ မဲဆန္ဒရှင် မိဘပြည်သူများအား လွှတ်တော်အတွေ့အကြုံရှင်းလင်းခြင်းနှင့် ဒေသဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆွေးနွေးတိုင်ပင်ခဲ့ပါကြောင်း၊ မဲဆန္ဒနယ်ရှင်မိဘပြည်သူများ ဆွေးနွေးတင်ပြသည်မှာ လွိုင်လင်မြို့နယ် တန့်အယ်ကျေးရွာအုပ်စု၊ တန့်အယ်ကျေးရွာနှင့် ကုန်းကျောင်းရွာပတ်ဝန်းကျင်တွင် ဆန်စပါးကို အဓိက စိုက်ပျိုးသည်‌့ လယ်ယာမြေဧက စုစုပေါင်း ၁၀၀၀ ကျော်ရှိပြီး စိုက်ပျိုးရေရရှိနိုင်ရန် ရေစီးရေလာ အားကောင်းသည်‌့ နမ့်ပွန်ချောင်းမှ တောင်သူလယ်သမားများစုပေါင်း၍ ဒေသထွက်တောသစ်များဖြင့် လက်လုပ်ဆည်များ ဖိုင်လုံဆည်နှင့် ကုန်းကျောင်းဆည်နှစ်ခုပြုလုပ်၍ ရေသွယ်မြောင်းများ ဖောက်လုပ် ပြီး နှစ်စဉ်မိုးစပါးစိုက်ပျိုးခဲ့ပါကြောင်း၊

မိုးတွင်းကာလ တောင်ကျချောင်းရေများ စီးဝင်မှုကြောင့် နမ့်ပွန်ချောင်းရေမြင့်တက်ပြီး လက်လုပ် ဆည်များမှာ နှစ်စဉ်ပြိုကျပျက်စီးခဲ့ရပြီး လယ်ယာမြေဧက ၁၀၀၀ ကျော်တွင် စပါးအပြည့်အဝ စိုက်ပျိုး ရန် အခက်အခဲများကြုံတွေ့နေရပါသဖြင့် သက်ဆိုင်ရာမှ ကူညီဆောင်ရွက်ပေးနိုင်ပါရန် မဲဆန္ဒရှင် တောင်သူလယ်သမားများက တင်ပြခဲ့ပါကြောင်း၊ လွိုင်လင်မြို့နယ် တန့်အယ်ကျေးရွာအုပ်စု တန့်အယ် ကျေးရွာအနီးတွင်တည်ရှိသည့် ဖိုင်လုံဆည်၏ အကျိုးပြုလယ်ယာမြေဧကမှာ ၃၀၀ ကျော်ရှိပြီး ကုန်းကျောင်းရွာအနီးရှိ ကုန်းကျောင်းဆည်၏အကျိုးပြုလယ်ယာမြေဧကမှာ ၇၀၀ ကျော်ရှိကြောင်း တင်ပြလာပါကြောင်း၊ သို့ဖြစ်ပါ၍ ဒေသခံမိဘပြည်သူ တောင်သူလယ်သမားများ မိုးစပါးအပြည့်အဝ စိုက်ပျိုးနိုင်ရန်ရည်ရွယ်လျက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်မြို့နယ် တန့်အယ်ကျေးရွာအုပ်စုရှိ လယ်ယာမြေများ အပြည်‌့အဝစိုက်ပျိုးလုပ်ကိုင်နိုင်ရန် ရေစီးရေလာအားကောင်းသည်‌့ နမ့်ပွန်ချောင်း ပေါ်တွင် ဖိုင်လုံဆည်နှင့် ကုန်းကျောင်းဆည်တို့အား တည်ဆောက်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည်‌့ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်ပါမည်ကိုသိလိုပါကြောင်း မေးမြန်း ပါသည်။