(ဆ)-သံဖြူဇရပ်မြို့ အမှတ်(၃) သုခကာရီရိပ်သာ၏ မျက်နှာစာတွင် ပိတ်ကာနေသော မီးရထားနှင့် ကားလမ်းခွဲတံခါးစောင့်၏ သစ်သားတဲကို အခြားလွတ်ကင်းရာ မီးရထားမြေသို့ ရွှေ့ပြောင်းပေးရန် အစီအစဉ်ရှိ/မရှိတို့နှင့် စပ်လျဉ်းသည့်မေးခွန်း
သံဖြူဇရပ်မြို့ပေါ်တွင် မီးရထားနှင့်မော်တော်ကားလမ်း ဖြတ်သန်းရာနှစ် နေရာရှိပါသည်။ သံဖြူဇရပ်-ကျိုက္ခမီ ကတ္တရာလမ်းဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးနှင့် ရထားလမ်းဖြတ်ခြင်းက တစ်နေရာ၊ သံဖြူဇရပ်နှင့် ရေးကတ္တရာလမ်းဖြစ်သည့် ဗိုလ်နေဝင်းလမ်းနှင့် ရထားလမ်း ဖြတ်ခြင်းကတစ်နေရာဆိုပြီး နှစ်ခုရှိပါကြောင်း၊ နှစ်နေရာစလုံးတွင် ယခင်က ရထားစောင့် တဲများမရှိပါကြောင်း၊ နရဖ အစိုးရတက်ပြီးနောက်ပိုင်း ရေးဘက်ဖြန့်ရာ တံခါးအစောင့်တဲ ထားရန်အတွက် အုတ်ဖိနပ်စလုပ်ပါကြောင်း၊ ကားလမ်းသည် အရှေ့မြောက်မှ အနောက်တောင်သို့ လည်းကောင်း၊ ရထားလမ်း အနောက်မြောက်မှ အရှေ့တောင်သို့လည်းကောင်း ကြတ်ခြေခတ် ဖြတ်နေခြင်းဖြစ်၍ အရှေ့၊ အနောက်၊ တောင်၊ မြောက်ဆိုပြီး လေးနေရာတွင် မြေကွက်လပ်များ ဖြစ်ပေါ်နေပါကြောင်း၊ ရထားစောင့်တဲအတွက်ကို အုတ်မြစ်စချရာသည် အမှတ် (၃) သုခကာရီ ရိပ်သာ၏ မျက်နှာစာအုတ်တံတိုင်းနှင့် ကပ်လျက်ဖြစ်ပါကြောင်း၊
၎င်းနေရာသည် ယခင်က မြေနိမ့်ချိုင့်ဝှမ်းဖြစ်နေပြီး ကျောင်းဒါယိကာများက ကုန်းဖြစ်အောင် ကြိုးစားဖို့ခဲ့ခြင်း ဖြစ်ပါကြောင်း၊ အမှတ် (၃) သုခကာရီရိပ်သာသည် မူလတောင်စွန်း ရွှေကူဆရာတော် ဘုရားကြီး ဦးဝီနိတ၏ ကာယနုပတ္တိဝိပဿနာ ကမ္မဋ္ဌာန်းနည်းဖြင့် ပဋိပတ်သာသနာပြုပါ၍ ဆောင်ရွက်သော ကျောင်းတိုက်ဖြစ်ပြီး မျိုးတူသူအများစုက ကိုးကွယ်ပါကြောင်း၊ နောက်ရွှေကူရိပ်သာ ဆရာတော်ဘုရား ဆိုသည်ကလည်း မိမိတို့ ဓမ္မာစရိယဦးအေးလှိုင်ရေးသည့် ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ အပါး ၄၀ ထဲတွင်ပါဝင်သော ဆရာတော်ကြီးတစ်ပါး ဖြစ်ပါကြောင်း၊ ကျောင်းရှေ့မျက်နှာစာတွင် ရထားတဲဆောက်ရန်အတွက်ကို အုတ်မြစ်ချကြောင်းသိသည်နှင့် မိမိတို့ကျောင်းဒါယိကာကြီးများမှ ထွေ/အုပ်ဦးစီးဌာနမှူး မဖအ ဥက္ကဋ္ဌကို တင်ပြကြပါကြောင်း၊ မဖအ ဥက္ကဋ္ဌကလည်း မသိပါကြောင်း၊ အဆိုပါ နေရာတွင်လည်း မလုပ်သေးပါကြောင်းဆိုပြီး ၎င်းတားသည့် စာကိုချက်ချင်း ထုတ်ပေးပါကြောင်း၊
သို့သော်လည်း တိုင်းဒေသကြီးမန်နေဂျာက ၎င်းကာလက ဝန်ကြီးကိုယ်တိုင်ပြသည့်နေရာ၊ ရွှေ့၍မရဘူးဆိုပြီး ငြင်းပယ်ခဲ့ပါကြောင်း၊ ၎င်းနောက်တဲကို တားသည့်အချိန်တွင်လည်း စည်ပင်အင်ဂျင်နီယာက ဆက်ဆောက်ခြင်း ဖြစ်သည့်အတွက်ကြောင့် မကျေမနပ်မှုများ များသွားပါကြောင်း၊ ထိုအချိန်တွင် မြို့တွင်ရှိသည့် အဖွဲ့အစည်းပေါင်းစုံသည် ညီညွတ်ကုန်ကြပြီး ထိုကဲ့သို့မျိုးဖြစ်လျှင် ညကျမှ တို့စုပေါင်းရိုက်ဖျက်ကြမည် ဆိုသည်အထိ ဖြစ်လာကြပါကြောင်း၊ မိမိက ကျောင်းဒကာအဖွဲ့တွင်လည်း အတွင်းရေးမှူးဖြစ်သဖြင့် မလုပ်ကြရန်နှင့် ဥပဒေဘောင်အတွင်းက ကြိုးစားဆောင်ရွက်ကြရအောင် မရတော့လည်း တစ်နေ့ဒီမိုကရေစီ နိုင်ငံဖြစ်သည့် အချိန်ကျလျှင် ဥပဒေဘောင်အတွင်းမှ တောင်းဆိုကြရအောင်ဟု ညှိနှိုင်းပြီး ဖြေရှင်းပေးလိုက်ပါကြောင်း၊ မကြာသေးမီကာလအတွင်း ၎င်းတဲတွင် ဘာသာခြားများ မင်္ဂလာဆောင်ခြင်း၊ ဘာသာခြားနည်းဖြင့် အညစ်အကြေးများ ကျောင်းဝင်းထဲပစ်သွင်းခြင်းများ ရှိသဖြင့် မအဖ ဥက္ကဋ္ဌက ခေါ်ပြီး စစ်ဆေးပြီး တဲအစောင့်ကို လူချက်ချင်းလဲလိုက်ပါကြောင်း၊ ယခုက ဒီမိုကရေစီနိုင်ငံရောက်ရှိလာပြီ ဖြစ်သဖြင့် မိမိကတိပေးခဲ့သည့်အတိုင်း တာဝန်တစ်ရပ်ကို ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ နောက်တစ်ခုက မိမိအပါအဝင် မွန်၊ ကရင်၊ ရှမ်း တိုင်းရင်းသားခြံသမားများ တောတက်လျှင် တောမီးမလောင်ရေး ဆိုသည့် စည်းကမ်းရှိပါကြောင်း၊ ၎င်းကလည်း မိရိုးဖလာသင်ကြားလာသည့် ဓလေ့အရ သင်ကြားလာသည့်အစွဲ၊ ဓလေ့တစ်မျိုး ဖြစ်ပါကြောင်း၊ မိမိတို့ တောတက်မည်၊ တောင်သွားမည်၊ နွားလှည်းပေါ်တွင် ဆေးလိပ်သောက်ချင်ပြီဆိုလျှင် ဝါးဆစ်ဘူးလေးများဖြင့် သောက်ခြင်းကို အားလုံးတွေ့ဖူးကြပါလိမ့်မည်။ ခြံထဲရောက်ရှိလျှင်လည်း ဆေးလိပ်သောက်ပြီး လွှင့်ပစ်မည် ဆိုလျှင်လည်း စည်းကမ်းတကျ လွှင့်ပစ်ပါကြောင်း၊ နောင်တစ်ချိန်တွင် မီးကြွင်း မီးကျန်ဖြစ်ပွားမည် စိုးရိမ်သည့်အတွက်ကြောင့်လည်းကောင်း၊ နောက် ၎င်းကာလတွင် ဒီမိုကရေစီ နိုင်ငံဖြစ်လျှင်မိမိတို့ ဥပဒေဘောင်အတွင်းက တင်ပြကြရအောင်ဟု ကတိပေးခဲ့သည့်ကတိအတိုင်း အဆိုပါမေးခွန်းကို မေးမြန်းရခြင်းဖြစ်ပါသည်။