(ခ)-ခိုင်းနွား၊ နို့စားနွား၊ အသားစားနွားများမွေးမြူမှု ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မည်ကဲ့သို့စီစဉ် ဆောင်ရွက်ထားပါသည်နှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-29

 

ခိုင်းနွားများသည် လယ်ယာလုပ်ငန်းခွင်တွင် စက်မှုလယ်ယာကို အပြည့်အဝမပြောင်း နိုင်သေးသည့်အတွက် သုံးစွဲနေရခြင်းဖြစ်ပါကြောင်း၊ နွားတစ်ကောင်ကို နို့ရှစ်ပိဿာ၊ ၁၀ ပိဿာ၊ ၁၂ ပိဿာစသည်ဖြင့် အနည်းဆုံးထွက်ကြပါကြောင်း၊ ယခုကဲ့သို့ အသားများ၊ နို့များရမှ ကလေးများ၏ ဉာဏ်ရည်ဖွံ့ဖြိုးမှုများ၊ ခန္ဓာကိုယ်ထွားကျိုင်းမှုများ ရှိမည်ဖြစ်သဖြင့် School Milk Program ဆိုသည့် နို့တိုက်ကျွေရေး စီမံကိန်းတွင်လည်း နွားနို့များရရှိရန်လိုပါကြောင်း၊ အားမရစရာ ကောင်းတာသည့် အချက်က ကလေးများကို နိုင်ငံခြားကတင်သွင်းသည့် နို့ဘူးများကို တိုက်နေရသည့်အခါ မွေးမြူရေးလုပ်ငန်းအတွက် အားမလိုအားမရ ဖြစ်ရပါကြောင်း၊ ထို့ကြောင့် ဒေသနွားမျိုးများကိုလည်း ထိန်းသိမ်းရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် နွားအထီးများ တခြားနိုင်ငံရောက်သွားလျှင် နွားအထီးသည် ၎င်းူတို့နိုင်ငံမျိုးရင်းပါဆိုပြီး မူပိုင်လုပ်လိုက်လျှင် အများကြီးနစ်နာဆုံးရှုံးမှု ရှိနိုင်သည့်အတွက် မူပိုင်ပြုလုပ်ရန် ဆောင်ရွက်ထားရှိဖို့ လိုပါကြောင်း၊

နွားမွေးမြူရေးဖွံ့ဖြိုး တိုးတက်စေရေးအတွက် သဘာဝသားစပ်ခြင်း လုပ်ငန်းများကိုလည်း စနစ်တကျ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မေထုန်မဲ့သားစပ်ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ရမည်လည်း ဖြစ်ပါကြောင်း၊ အဆိုပါ လုပ်ငန်းများတွင်လည်း အထူးသဖြင့် Liquid Nitrogen ရရှိမှုက အခက်အခဲ ဖြစ်သည့်အတွက် ပိုမိုဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ ကျွဲ/နွားများကို အမှတ်အသားပြုလုပ်ပြီး Microchip ဆိုသည့် Ear Tag များတပ်ပေးထားလျှင် နွားများ၏ သယ်ယူပို့ဆောင်မှုလုပ်ငန်းများ၊ ကျွဲ/နွားအာမခံလုပ်ငန်းများ အတွက်ပါ အဆင်ပြေ နိုင်ပါကြောင်း၊

နွားမွေးမြူရေး ဖွံ့ဖြိုးရန်အတွက် ကိုယ်တိုင်မွေးခြင်း၊ မွေးဖက်ပေးခြင်းတို့ရှိပါကြောင်း၊ မွေးဖက်ပေးသည့် နေရာတွင်လည်း ကာလတို၊ ကာလရှည်စသည်ဖြင့် စနစ်တကျစီစဉ်ဆောင်ရွက်နိုင်အောင် SOP လို့ဟုခေါ်သည့် Standard Operating Procedure အရ ရေးဆွဲဆောင်ရွက်ရန် လိုပါကြောင်း၊ နောက် နွားများကို ဖြစ်လေ့ဖြစ်ထရှိသည့် ရောဂါမဖြစ်ပွားရအောင် ကာကွယ်ဆေးထိုးပေးရပါမည်၊ ဒေါင့်တန်းရောဂါ၊ လည်ချောင်းကွဲရောဂါ၊ BQ (Black Quarter) ဆိုသည့် ပေါင်ပုတ်လက်ပုတ်ရောဂါ၊ ခွာနာလျှာနာရောဂါ ကာကွယ်ဆေးများလည်း ထိုးပေးရန်လိုအပ်ပါကြောင်း၊ ထို့နောက် စားကျက်နှင့်အခြားနည်း သုံးစွဲခွင့်များလည်းရရှိရန် လိုအပ်ပါကြောင်း၊ စားကျက်ရှိမှ နွားမွေး၍ ရမည်ဖြစ်ပြီး လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့်ရမှ နွားမွေး၍ရမည် ဖြစ်ပါကြောင်း၊ စပါးစိုက်၍ မြတ်မည့်ပမာဏနှင့် မြက်စိုက်ပြီး မွေးမြူရေးလုပ်လျှင် အမြတ်အစွန်းရသည့် ပမာဏက ပိုများနေလျှင်လည်း အဆိုပါကိစ္စများကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်အောင် တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ကိုယ်တိုင်မွေးသည့်နွားနှင့် မွေးဖက်ပေးသည့်နွားများ၊ ကျွဲ/နွားများ ဈေးကွက်ရှိပါက တင်ပို့သည့်နေရာတွင်လည်း မှောင်ခိုလမ်းကြောင်းများ ရှိနေပါကြောင်း၊ ပြည်တွင်းတွင် လွတ်လပ်စွာ သယ်ပို့နိုင်ရေးအတွက် အခွင့်အရေးဆောင်ရွက် ပေးရန်လိုအပ်သကဲ့သို့ ပြည်ပထွက်ပေါက် များတွင်လည်း ထိန်းချုပ်ပေးရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် နွားမွေးမြူးရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှ ကျေးလက်နေ တောင်သူများ၏ဘဝ ဖွံ့ဖြိုးတိုးတက် လာနိုင်မည် ဖြစ်သည့်အတွက် နွားမွေးမြူးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုရှိအောင် ဆောင်ရွက်ထားရှိမှု အခြေအနေကို ကျေးလက်နေ ပြည်သူများ၏ကိုယ်စား မေးမြန်းပါသည်။