(င)-စလင်း-စေတုတ္တရာကားလမ်းမပေါ်ရှိ MPT ဖုန်းတိုင်များ၊ ဖုန်းကြိုးများနှင့် တယ်လီဖုန်း Connection Box များမြေပြင်ပေါ်ကျနေခြင်းများကြောင့် MPT ဖုန်းလိုင်းများ မကြာခဏပျက်နေမှုအား မည်သူက တာဝန်ယူဖြေရှင်း ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
စေတုတ္တရာမြို့နယ်၊ စလင်း-စေတုတ္တရာကားလမ်းမပေါ်ရှိ MPT ဖုန်းတိုင်များ၊ ဖုန်းကြိုးများနှင့် တယ်လီဖုန်း Connection Box များမှာ လဲပြိုနေခြင်း၊ မြေပြင်ပေါ်ကျနေခြင်းများ နှစ်နှင့်ချီ၍ ကြာမြင့်စွာ ဖြစ်ပွားနေမှုကြောင့် MPT ဖုန်းလိုင်းများ မကြာခဏပျက်နေမှုအား မည်သူက တာဝန်ယူဖြေရှင်း ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိတို့စေတုတ္တရာမြို့နယ်သည် လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ် မီးလင်းရေး၊ ဖုန်းလိုင်းဆက်သွယ်ရေး အဘက်ဘက်က နိမ့်ပါးခက်ခဲသည့်ဒေသဖြစ်ပါကြောင်း၊ သွားလာရေးခက်ခဲလှသော ကျေးလက်ဒေသများသည် ဖုန်းလိုင်းများကိုသာ အဓိကအားထားပြီး ဆက်သွယ်ကြရပါကြောင်း၊ ဘူးကျေးရွာ၊ ကျပင်းကျေးရွာ၊ ဒွေးကျေးရွာ၊ နတ်ကြီးကျေးရွာ၊ အပေါ ကျေးရွာ၊ အာရောကျေးရွာစသည့် စေတုတ္တရာမြောက်ပိုင်းကျေးရွာ ၅၀ ခန့်သည် တစ်ခုတည်းသော CDMA ဖုန်းလိုင်းကိုသာ အဓိကအားထားပြီး တိုင်အမြင့်ကြီးများထောင်၊ တချို့က တောင်မြင့်ပေါ်ကို တက်ပြီး ဆက်သွယ်ကြရပါကြောင်း၊ ယခင်က သင့်တင့်စွာဆက်သွယ်၍ရရှိနေသော CDMA ဖုန်း လိုင်းများသည် လွန်ခဲ့သည့်တစ်နှစ်ကျော်ခန့်ကစပြီး ဆက်သွယ်၍မရသလောက် လနှင့်ချီပြီး ကြာမြင့် စွာပျက်နေသည့်အတွက် အစစခက်ခဲသည့် အဆိုပါကျေးရွာများသည် နူရာဝဲစွဲ လဲရာသူခိုးထောင်း ဖြစ်ကြရပါကြောင်း၊ ယခုလည်း လုံးဝဆက်သွယ်၍မရ ပြတ်တောက်နေပါကြောင်း၊ မြို့နှင့် မြို့ပတ်ဝန်းကျင်တွင် သုံး၍ရသည့် MPT, GSM ဖုန်းလိုင်းသည်လည်း ယခင်ကာလကကောင်းမွန်ပြီး ပျက်ခဲလှသော်လည်း ယခုနှစ်နှစ်ခန့်ကာလတွင် လစဉ်၊ အပတ်စဉ်နီးပါး ပျက်လေ့ရှိပါကြောင်း၊ အစိုးရ ရုံးဌာနများ၊ ပြည်သူများပါအခက်အခဲများစွာ တွေ့ကြရပါကြောင်း၊ ဖုန်းပျက်သည့်မှတ်တမ်းအရ ၂၀၁၉ ခုနှစ် ၁ လပိုင်းတွင် သုံးကြိမ်၊ ၂ လပိုင်းတွင် နှစ်ကြိမ်၊ ၃ လပိုင်းတွင် ခြောက်ကြိမ်၊ ၄ လပိုင်းတွင် လေးကြိမ်ပျက်ခဲ့ပြီး တစ်ခါပျက်ပါက တစ်ရက်ခန့်ကြာမြင့်လေ့ရှိပါကြောင်း၊ ဖုန်းလိုင်းအသစ်တစ်ခု တပ်ဆင်တိုင်း နဂိုရှိရင်းစွဲဖုန်းလိုင်းများ ပျက်ပျက်ပေးရသည်မှာလည်း မိမိတို့မြို့နယ်ကြုံတွေ့ နေကြရသည့် ဘေးဒုက္ခတစ်ခုဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ဖုန်းလိုင်းများ မကြာခဏပျက်နေရသည့် အကြောင်းရင်းများက စလင်း-စေတုတ္တရာ ကားလမ်းတစ်လျှောက် ဆက်သွယ်ရေးဖုန်းတိုင်များ၊ ဖုန်းကြိုးများ လဲပြိုနေခြင်း၊ တွဲလောင်းကျနေခြင်း၊ မြေပြင်ပေါ်တွင်အပုံလိုက်ကျနေခြင်းများသည် ကာလရှည်ကြာ မြင်မကောင်းပါကြောင်း၊ မြေပေါ်တွင်ပုံကျနေသော Connection Box နှင့် ကြိုးများ ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ကားလမ်းတစ်လျှောက် ကြည့်မြင်မကောင်းပစ်စလက်ခတ်ဖြစ်နေသော၊ ကြိုးများကျနေသောကြောင့် တော၊ တောင်ထဲကိုဝါးခုတ်၊ ယာသွား၊ ဝါးဆွဲသည့်နွားများ၊ လှည်းများနှင့် မကြာခဏထိခိုက်မိပြီး ပြတ်တောက်ခြင်းများ၊ နွေအခါတောမီးလောင်သည့်အခါ မီးလောင်ခြင်းများ ဖြစ်ပွားပြီး ဖုန်းလိုင်းများ မကြာခဏပြတ်တောက်နေ သည်မှာ အဓိကဖြစ်ပါကြောင်း၊ နှစ်နှစ်ကျော်ခန့် ကာလရှည်ကြာ နိုင်ငံပိုင်ပစ္စည်းများ ပစ်စလက်ခတ်ဖြစ်နေခြင်း၊ ဖုန်းလိုင်းများမကြာခဏပျက်နေ သည်ကို သက်ဆိုင်ရာဌာန၊ တာဝန်ရှိသူများကို တရားဝင်အကြိမ်ကြိမ်အသိပေး အကြောင်းကြား သော်လည်း မည်သည့်အရေးယူဆောင်ရွက်မှုမျှမရှိဘဲ ABC ကုမ္ပဏီကို လိုင်းပြင်ဆင်ထိန်းသိမ်းရန် လုပ်ငန်းကန်ထရိုက်ပေးထားကြောင်းသာ မျက်နှာလွှဲခဲပစ်ပုံချပြီး နှစ်ရှည်၊ ကာလရှည် ဖြစ်ပျက် နေပါကြောင်း၊ ကုမ္ပဏီက ယနေ့တိုင် ဖြစ်ပျက်နေဆဲ၊ ထားရှိဆဲဖြစ်ပါကြောင်း၊ အမှန်တကယ်မှာ မိနစ်ပိုင်း၊ နာရီပိုင်းခန့် ဆက်သွယ်ရေးပြတ်တောက်လျှင်တောင်မှ အရေးကြီးသော ကျန်းမာရေး၊ လုံခြုံရေး၊ စီးပွားရေး၊ အစိုးရကိစ္စ၊ အရေးပေါ်ကိစ္စများတွင် မည်မျှထိခိုက်၊ နစ်နာဆုံးရှုံးစေသည်မှာ နိုင်ငံတကာတွင် အထူးအလေးထားကြရပါကြောင်း၊ ယခုကဲ့သို့ နိုင်ငံပိုင်ဆက်သွယ်ရေးတိုင်များ၊ ကြိုးများ နှစ်ရှည်လများပစ်စလက်ခတ်ဖြစ်ပြီး ကာလရှည်ကြာမကြာခဏ ဖုန်းလိုင်းများပြတ်တောက် နေသည်ကို လျစ်လျူရှုထားခြင်းမှာ ဒီမိုကရေစီအစိုးရ၏ပုံရိပ်ကိုထိခိုက်ရန် ရည်ရွယ်ချက်ရှိရှိ လုပ်နေသည်လားဟု ဒေသခံများမေးခွန်းထုတ်သည်ကို ခံရပါကြောင်း၊ ထို့ကြောင့် မကွေး တိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ စလင်း-စေတုတ္တရာကားလမ်းမပေါ်ရှိ MPT ဖုန်းတိုင်များ၊ ဖုန်းကြိုးများနှင့် တယ်လီဖုန်း Connection Box များသည် ပရမ်းပတာဖရိုဖရဲပြိုလဲနေခြင်း၊ မြေပေါ် ကျနေခြင်းများ နှစ်နှင့်ချီ၍ ကြာမြင့်စွာဖြစ်ပွားနေမှုကြောင့် MPT ဖုန်းလိုင်းများ မကြာခဏပျက်နေမှုအား မည်သူကတာဝန်ယူ ဆောင်ရွက်ပေးမည်နှင့်ပတ်သက်ပြီး သိရှိလိုပါကြောင်း မေးမြန်းပါသည်။