(စ)-ဧရာဝတီတံတား(ထီးချိုင့်)၏ ရေလယ်တိုင်များကြောင့် မြစ်ကမ်းအနီးရှိကျေးရွာများနှင့် စိုက်ပျိုးမြေများ ကမ်းပါးပြိုတိုက်စားခြင်းမှကာကွယ်ရန် ဧရာဝတီမြစ်ကြောင်းထိန်းသိမ်းခြင်းကို မည်သို့ဆောင်ရွက် ပေးမည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ထီးချိုင့်မြို့နယ် ဧရာဝတီတံတား(ထီးချိုင့်)၏ ရေလယ်တိုင်များကြောင့် တံတား၏အထက်နှင့် အောက်ဘက်တို့တွင် သောင်များဖြစ်ထွန်းလာပြီး မြစ်ကမ်းအနီးရှိကျေးရွာများနှင့် စိုက်ပျိုးမြေများ ကမ်းပါးပြိုတိုက်စားခြင်းမှကာကွယ်ရန် ဧရာဝတီမြစ်ကြောင်းထိန်းသိမ်းခြင်းကို မည်သို့ဆောင်ရွက် ပေးမည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင်ရှိသည့် ဧရာဝတီတံတား (ထီးချိုင့်) ကို ၂၂-၁၀-၂၀၁၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါကြောင်း၊ ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း မန္တလေး-ဗန်းမော်-မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးနှင့် ဧရာဝတီမြစ်အနောက်ဘက်ခြမ်း ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းတို့ကို ဆက်သွယ်သည့် လမ်းပေါ်တွင် တည်ရှိပြီး အလွန်အသုံးဝင်လှသည့် တံတားတစ်စင်း ဖြစ်ပါကြောင်း၊ တစ်ဖက်ကအသုံးဝင်သကဲ့ တစ်ဖက်ကလည်း သက်ရောက်မှုများ ရှိနေပါကြောင်း၊ တံတား၏ ရေလယ်တိုင်အောက်ခြေက ပိုင်ရိုက်ထားသည့်အတွက် ရေများချိန်တွင် ရေခိုပြီးမြစ်၊ သဲနုန်းပို့ချမှုဖြစ်သဖြင့် ရေလယ်တွင် သောင်ထွန်းကျွန်းများ ဖြစ်ပေါ်လာခြင်း ဖြစ်ပါကြောင်း၊ တံတားအောက်ဘက်တွင်မက တံတား၏ အထက်ဘက်ကိုပါ သောင်များ ဖြစ်ထွန်းလာခြင်း ဖြစ်ပါကြောင်း၊ ကိုင်းပင်များ ပေါက်ရောက်ရာမှ ကျွန်းဧရိယာကြီးမားလာပြီး မြစ်ကြောင်းသည် နံဘေးဝဲ/ယာကို စီးဆင်းပါကြောင်း၊ မြစ်ရေကျချိန် အောက်တိုဘာလမှ စတင်ပြီး မြစ်ကြောင်းသည် ရေလယ်ကျွန်းကို အလယ်ထားပြီး မြစ်နှစ်ခွအဖြစ် စီးဆင်းပါကြောင်း၊ ထိုအခါ မြစ်ရေကျလေ မြစ်ကြောင်းသည် မြစ်၏အလယ်တွင် မစီးဆင်းဘဲ ရေလုံးပြီးကမ်းနားကို ဦးတည် တိုက်စားသည့်အတွက် ဧရာဝတီမြစ်အရှေ့ဘက်ကမ်း ရွာများကမ်းပါးပြိုခြင်းနှင့် အနောက်ဘက်ကမ်း တစ်လျှောက် ကျေးရွာများ၊ စိုက်ပျိုးမြေများ၊ ကမ်းပါးပြိုခြင်းများ ဖြစ်ပေါ်လာသည့်အတွက် ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းရေးအတွက် မေးမြန်းရခြင်းဖြစ်ပါသည်။