(ဇ)-ကျွန်းစုမြို့နယ်ဆိပ်ကမ်းရှိ ဆိပ်ခံတံတားနှင်‌့ဘောတံတား (Jetty) အကြား ခရီးသွားပြည်သူများ အန္တရာယ်ကင်းစွာသွားလာနိုင်ရေးအတွက် တလင်းပေါင်းကူးတံတားအား အသေးစားနှစ်စင်း သို့မဟုတ် ကြားခံသံမဏိဆိပ်ခံတစ်ခုတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင်‌့စပ်လျဉ်းသည်‌့မေးခွန်း

2020-12-29

 

ကျွန်းစုမြို့နယ်ဆိပ်ကမ်းရှိ ဆိပ်ခံတံတားနှင်‌့ ဘောတံတား(Jetty)အကြား ခရီးသွားပြည်သူများ အန္တရာယ်ကင်းစွာသွားလာနိုင်ရေးအတွက် အထက်(၄၈ x ၂၀ x ၆.၅)ပေ တလင်းပေါင်းကူးတံတား အား အသေးစားနှစ်စင်း သို့မဟုတ် ကြားခံ(Jetty)သံမဏိဆိပ်ခံတစ်ခုတည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင်‌့စပ်လျဉ်းသည်‌့မေးခွန်း

 

တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်ရှိ ဆိပ်ခံတံတားနှင်‌့ ဘောတံတားအကြားတွင် အတက်အဆင်‌း ပြုလုပ်ရန် Jetty မှာ တံတားနှင်‌့ ၁၅ ပေခန့် ကွာဝေးနေသည်ဖြစ်၍ ခရီးသည်များနေ့စဉ် ၁၅၀၀ ခန့် အန္တရာယ်ကြား၌ သက်စွန့်ဆံဖျား အတက်အဆင်‌းပြုလုပ်နေရပါကြောင်း၊ မြိတ်မြို့မှ ကျွန်းစုမြို့သို့ ရှပ်ပြေးနှစ်စင်းနှင့် တပ်ခေါ်လှေတစ်စင်း ကျွန်စုမြို့မှ မြိတ်မြို့သို့ ရှပ်ပြေးနှစ်စင်း သုံးကြိမ်နှင်‌့ တပ်ခေါ်တစ်ကြိမ် စုစုပေါင်း အတက်လေးကြိမ် အဆင်‌းသုံးကြိမ်နှုန်းကို ခရီးသည်များ ရေလမ်းခရီးကိုသာ အသုံးပြု၍ သွားလာနေရသည့် မြို့တစ်မြို့ဖြစ်ပါကြောင်း၊ ဆိပ်ခံတံတားနှင့် Jetty အကြားတွင် ကွာဟနေသည့်နေရာသို့ ကုန်ဘောင်ဟုခေါ်သည့် သစ်သားပြားတစ်ပြားစီဖြင့် အသေးစိတ်ပြု လုပ်နေရပါကြောင်း၊ ၂၀၁၇-၂၀၁၈ ခရိုင်စီမံကိန်းညှိနှိုင်းအစည်းအဝေးတွင် တင်ပြတောင်းခံပြီး သဘော တူညီမှု ရရှိခဲ့သော်လည်း ယနေ့တိုင် တည်ဆောက်ခြင်း မပြုလုပ်နိုင်သေးဘဲ နေရာတွင် မကြာသေးမီက အမျိုးသမီးတစ်ဦး ရေထဲကိုပြုတ်ကျသွားသဖြင့် အလျင်အမြန်ကယ်ဆယ်နိုင်ခဲ့သဖြင့် အသက်အန္တရာယ်မှ ကင်းဝေးခဲ့ရသော်လည်း နောက်ထပ်အမျိုးသမီးနှစ်ဦး ထပ်မံ၍ ရေထဲကိုပြုတ်ကျခဲ့ရပြီး ကယ်ဆယ် ခဲ့ရပါကြောင်း၊ တံတားနှင်‌့ ဘောအကြားတွင် နေ့စဉ်အန္တရာယ်ကို ကြောက်ရွံ့စွာဖြင့် အတက်အဆင်း ပြုလုပ်နေရသည့် ခရီးသွားပြည်သူများ၏ စိုးရိမ်မှုကို ဖြေလျော့ပေးနိုင်ရန်အတွက် တင်ပြရခြင်း ဖြစ်ပါကြောင်း၊ သို့ပါ၍ ကျွန်းစုမြို့နယ် ဆိပ်ခံတံတားနှင်‌့ (Jetty) တံတားအကြားတွက် ကောင်းမွန် ခိုင်ခံ့သည့် ပေါင်းကူးတံတားအသစ်နှစ်စင်း သို့မဟုတ်  သံမဏိဘောခံ တစ်ခုလေးတစ်ခု တည်ဆောက်ပေးမည့် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။