(ဈ)-ပြည်တွင်းသို့ မော်တော်ကားများတင်သွင်းရာတွင် ကောက်ခံနေသောအခွန်မျိုးစုံအား ဖြေလျှော့ပေးခြင်း၊ ယာဉ်ပိုင်ရှင်တို့အား ယာဉ်ရပ်နားခ၊ လမ်းအသုံးပြုခတို့ကိုတိုးမြှင့်ကောက်ခံပြီး ဥပဒေနှင့်မညီပါက အရေးယူခြင်းတို့ပြုလုပ်ရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ပြည်တွင်းသို့ မော်တော်ကားများတင်သွင်းရာတွင် ကောက်ခံနေသော အခွန်မျိုးစုံအား သင့်လျော်သော နှုန်းထားသို့ ဖြေလျှော့ပေးခြင်း၊ မော်တော်ယာဉ်ပိုင်ရှင်တို့အား လမ်းဘေးတွင်ယာဉ်ရပ်နားခ၊ ညအိပ်ရပ်နားခ၊ မောင်းနှင်နေစဉ် လမ်းအသုံးပြုခတို့ကို တိုးမြှင့်ကောက်ခံပြီး ဥပဒေနဲ့မညီသည့် အသုံးပြုသောယာဉ်နှင့် ယာဉ်အသုံးပြုသူတို့အား ထိရောက်သော အရေးယူခြင်းတို့ပြုလုပ်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်ပါကြောင်း၊ အရာရာကို နိုင်ငံခြားကိုအားကိုးနေရသည်မှာ အလွန် အဆင်မပြေပါကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်ပြေးဆွဲနေကြသော ယာဉ်အားလုံးကို ဥပဒေ လွှမ်းခြုံစေလို၍ မေးမြန်းရခြင်းဖြစ်ပါကြောင်း၊
မိမိတို့မြန်မာနိုင်ငံတွင် သိန်း ၅၀၀ ခန့်ပေးရသောကားတစ်စီးနှင့် ပုံစံတူကားတစ်စီးကို တစ်ဖက် နိုင်ငံတွင် ထက်ဝက်ခန့်သာရှိပါကြောင်း၊ ထိုကဲ့သို့ဖြစ်နေရခြင်းမှာ ကားတန်ဖိုးထက် အခွန်မျိုးစုံများပြား နေသည်ကို ပြနေခြင်းဖြစ်ပါကြောင်း၊ ကားတင်သွင်းခွန်ကို တိုးထားသော်လည်း ကားများကို လမ်းပေါ်တွင်ထား၊ လမ်းပေါ်တွင်နား၊ လမ်းပေါ်တွင်အိပ်ဖြစ်နေကြသည့်အခြေအနေများသည် မြို့ကြီး များတွင် အလွန်များပြားသည်မှာ မဖြစ်သင့်ပါကြောင်း၊ လမ်းကို မည်သို့တိုးချဲ့ပြီးလုပ်လုပ် သမင် မွေးရင်း ကျားစားရင်းဖြစ်နေသည်မှာ အလွန်ကြာမြင့်ပြီဖြစ်ပါကြောင်း၊ အန္တရာယ်လည်း အလွန်များ ပါကြောင်း၊
လိုင်စင်ခမျိုးစုံကဈေးကြီးသည့်အခါ လိုင်စင်မလုပ်တော့ဘဲ အဆင်ပြေသလိုလုပ်လာပါကြောင်း၊ အဂတိများ၊ စည်းကမ်းမလိုက်နာမှုများ ဖြစ်ပေါ်လာပါကြောင်း၊ ဒုစရိုက်မှုများ၊ ဥပဒေမဲ့မှုများ လုပ်လာကြပြီး ပြဿနာဖြစ်ပါက ပိုင်ရှင်မဲ့ဆိုသည့်ခေါင်းစဉ်အောက်ကိုရောက်ပြီး သွားသွားပုန်းနေ ကြပါကြောင်း၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေး၊ စည်းကမ်းဥပဒေလေးစား လိုက်နာရေးတို့ကို စိန်ခေါ်နေခြင်းဖြစ်ပါကြောင်း၊ မြို့နယ်များဖြတ်ကျော်သွားသည့်ကားများ လမ်း အသုံးပြုခက ကားငယ်တစ်စီး တစ်မိုင်လျှင် ငါးကျပ်ဖြစ်ပါကြောင်း၊ မြို့ဝင်ကြေးက ၂၀၀ ကျပ် ဖြစ်ပါကြောင်း၊ တန်ကျော်ပေးနေရသော မည်သည့်ကားမျှ ၎င်းတို့မြို့ထဲကိုတော်တော်နှင့်မဖြတ် ပါကြောင်း၊ မြို့ထဲမဝင်သော်လည်း ပေးရပါကြောင်း၊ လတ်တလောတွင် မပေးရတောကြောင်း ကြားသိရ၍ ဝမ်းသာပါကြောင်း၊
မိမိတို့နယ်ဒေသများတွင် လက်ရှိအစိုးရခေတ်တွင်အပြောင်းအလဲဖြစ်၍ လမ်းများစွာတိုးချဲ့ပြီး ဖောက်လုပ်ပါကြောင်း၊ လမ်းများစွာရှိလာသော်လည်း လုပ်ငန်းလိုအပ်ချက်အရ ကားလည်းလိုအပ် ပါကြောင်း၊ သို့သော် မိမိတို့နယ်ကလူများက ဝင်ငွေနည်းပါးသည့်အတွက် ကားစီးနိုင်သည့်ဦးရေ အလွန်နည်းပါးပါကြောင်း၊ ကားလိုအပ်ချက်ကရှိသော်လည်း ကားဝယ်ရန်ဈေးကကြီးမြင့်ပါကြောင်း၊ တစ်ဖက်ကလည်း Black ကားများက ဝင်ရန်အဆင်သင့်လည်းဖြစ်နေသည့်အခါ လူများကဥပဒေကို မလေးစားကြတော့ပါကြောင်း၊ အဆင်ပြေသလိုလုပ်လိုသူများ အလွန်တရာများ လာပါကြောင်း၊ ဆိုလိုသည်မှာ တိုးတက်ပြောင်းလဲနေသောအခြေအနေမျိုးစုံများကို လေ့လာသုံးသပ်ပြီး အပြောင်း အလဲနှင့် လိုက်လျောညီထွေေ နနိုင်သူများသာလျှင် ရှင်သန်တတ်သည်မှာ လောကတွင်ဓမ္မတာ ဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ တစ်နိုင်ငံလုံးမော်တော်ယာဉ်များ မျှတစွာသုံးစွဲနိုင်စေရန်နှင့် သင့်လျော်မျှတသော အသုံးပြု ခများ၊ အခွန်အခများရရှိကြပြီး ပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း၍ ဥပဒေကို လေးစားလိုက်နာသော ပြည်သူများဖြစ်လာကြစေရန် ကောင်းမွန်၍ထိရောက်သော အစီအစဉ်များ ပြုလုပ်ထားရန် အစီအစဉ်ရှိ/မရှိသိလိုပါကြောင်း မေးမြန်းပါသည်။