(ဏ)-ဘုတ်ပြင်းမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ဥပဓိရုပ်မကောင်းတော့သည့် နဝရက်(ခန်းမ) အဆောက်အဦနေရာတွင်(၁၅၀x ၃၀x ၂၂)ပေ အရွယ်အစားရှိ စံကိုက်(၂)ထပ် ပင်မကျောင်း ဆောင်တစ်ဆောင် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ဘုတ်ပြင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ နဝရက်(ခန်းမ) အဆောက်အဦနေရာတွင်(၁၅၀x ၃၀x ၂၂)ပေ အရွယ်အစားရှိ စံကိုက်(၂)ထပ် ကျောင်းဆောင်တစ်ဆောင် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း၍ မေးမြန်းလိုပါကြောင်း၊
ဘုတ်ပြင်းမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၏ စာသင်ဆောင်အများစုသည် နှစ်သုံးဆယ်နီးပါး သက်တမ်းရှိပြီး အုတ်ညှပ် တစ်ထပ်အဆောက်အဦများသာ ဖြစ်ပါကြောင်း၊ တံခါးပေါက်အများစုသည် ပျက်စီးနေပြီး ဖြစ်သလို ပြန်လည်ပြုပြင်ထားရပါကြောင်း၊ ကျောင်းဝင်းအကျယ်က ၅.၃၅ ဧကရှိပြီး ကျောင်းဆောင် ၁၀ ဆောင်ရှိပြီး ကျောင်းဆောင် (၃)ဆောင်သည် သိပ္ပံခန်း၊ ကွန်ပျူတာခန်း၊ စတို၊ ဝန်ထမ်း အိမ်ရာ၊ ရုံးခန်းအဖြစ် အသုံးပြုနေရသည့်အတွက် စာသင်ဆောင် ခုနစ်ဆောင်မှ စာသင်ခန်း ၂၄ ခန်းကိုသာ အသုံးပြုစာသင်ကြားနေရပါကြောင်း၊
၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူ ၁၃၁၅ ဦး၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ၁၃၈၄ ဦး တိုးတက်ပညာသင်ကြားလျက်ရှိပါကြောင်း၊ စာသင်ခန်းတစ်ခန်းကို ပျမ်းမျှ ၅၈ ဦးနှုန်းခန့်ရှိပြီး တချို့အတန်းများတွင် ကျောင်းသား ၇၀ ကျော် ၈၀ နီးပါးအထိ ကြပ်တည်းစွာပညာသင်ကြားနေရပါကြောင်း၊ စာသင်ခန်း ၂၄ ခန်းအနက် ၁၉ ခန်းသည် သတ်မှတ်ကျောင်းသားဦးရေ ၄၀ ဦးထက် ပိုလျှံစွာ ထားရှိသင်ကြားနေရပါကြောင်း၊ နဝရက်(ခန်းမ)သည်လည်း ၁၂၀ ပေ၊ ၆၀ ပေ အုတ်တံတိုင်းသံဇကာကာ အဆောက်အဦဖြစ်ပြီး ဂိုလ်ဒေါင်ပျက်တစ်လုံးသာသာ အဆောက်အဦဖြစ်ပါကြောင်း၊
ဘုတ်ပြင်းမြို့၏ အဓိကကျက်သရေဆောင်ဖြစ်ရမည့် ဘုတ်ပြင်းမြို့ အခြေခံပညာ အထက်တန်း ကျောင်းကြီး၏ ဟောင်းနွမ်းပျက်စီးနေသော ကျောင်းဆောင်များတွင် ကြပ်တည်းစွာပညာသင်ကြားနေရသည့် မြို့၏ သားသမီးများအတွက် မြို့မိမြို့ဖမြို့သူမြို့သားများမှာ များစွာ စိတ်နှလုံးမချမ်းမြေ့ဖြစ်နေကြရပါကြောင်း၊ သို့ဖြစ်ပါ၍ ရုံးခန်း၊ ဟောခန်း၊ ဆရာဆရာမနားနေခန်း၊ စာကြည့်တိုက်တို့ပြည့်စုံစွာပါဝင်သည့် စံကိုက်နှစ်ထပ် ကျောင်းဆောင်တစ်ဆောင် တည်ဆောက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။